နေအိမ်ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူဦးမည်ဟု ဆို
ကော့သောင်းမြို့ရှိနေအိမ်ကို ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ထပ်မံဆယ်ယူရန် ကြိုးပမ်းနေကြောင်း ဦးစံလင်းက NP News သို့ ပြောသည်။
ဦးစံလင်းသည် ပြီးခဲ့သည့်ကာလများက ဓမ္မစေတီခေါင်းလောင်းကြီးကို ဖော်ယူရန်အတွက် တိုင်းသိပြည်သိဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုတစ်ကြိမ်တွင် ထပ်မံ ကြိုးပမ်းလာခြင်းဖြစ်ကာ ပြီးခဲ့သည့်ကာလများတွင် ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် အကြိမ်ကြိမ်စာတင်ခဲ့ဖူးကြောင်းသိရသည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် သမိုင်းတစ်လျှောက် အမှန်တကယ် ရှိ၊ မရှိ စသည်ဖြင့် အငြင်းပွားနေသော ပစ္စည်းတစ်ခုဖြစ်ပြီး အများပြောစမှတ်ပြုကြသောစကားများအရ အဆိုပါ ခေါင်းလောင်းကြီးကို သန်လျင်စား ငဇင်ကာခေါ် ဒီဘရစ်တိုက အမြောက်သွန်းလုပ်ရန် ရွှေတိဂုံစေတီတော် မှ ရေကြောင်းဖြင့်သယ်ယူလာစဉ် ရန်ကုန်မြစ်ဝအတွင်း ပျောက်ဆုံးခဲ့သည်ဟူ၍ ဖြစ်သည်။
အဆိုပါ ခေါင်းလောင်းကြီးသည် ရေအောက် (၂၇) ပေ၊ မြေကြီးအောက် (၂၅) ပေ၊ စုစုပေါင်း ရေအောက် အနက် (၅၂) ပေတွင် နစ်မြုပ်နေခြင်းဖြစ်ပြီး (၁၀) ရက်အတွင်း ကြိုးချည်ကာ ကျန် (၁၀) ရက်အတွင်း ကုန်းပေါ်အရောက်တင်မည်ဖြစ်ကြောင်း ဦးစံလင်းကပြောသည်။ လက်ရှိတွင် ကော့သောင်းမြို့မှ နေအိမ်ကို ရောင်းနေကာ အဆိုပါ ရောင်းရငွေကို ခေါင်းလောင်းဆယ်ယူရာတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်းနှင့် ဆယ်ယူခွင့်ပြုရန် တင်ပြစာကို ဇန်နဝါရီလ (၉) ရက်က တာဝန်ရှိသူများ ထံ တင်ပြထားကြောင်း ဦးစံလင်းကပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ပေါ်ချိန်တန်ပြီဖြစ်သော်လည်း နှောင့်နှေးကြန့်ကြာနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ခေါင်းလောင်းကြီးကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံတွင် ပစ္စည်းအစုံအလင်ရှိသောကြောင့် မည်သည့်နိုင်ငံကိုမျှ အားကိုးရန်မလိုအပ်ကြောင်းကိုပါ ဦးစံလင်းက တင်ပြစာတွင် ဖော်ပြထားကြောင်း သိရသည်။
ကိုးကား-NP News