ကီလိုမီတာ ၆၀၀၀ ကျော်အကွာအဝေးကို လန်ချားဆွဲပြီး ခြေကျင်ခရီးသွားခြင်းကို ဂျပန်အမျိုးသား အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့

News Image

  • ကီလိုမီတာ ၆၀၀၀ ကျော်အကွာအဝေးကို လန်ချားဆွဲပြီး  ခြေကျင်ခရီးသွားခြင်းကို ဂျပန်အမျိုးသား အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့

ကိတ်တောင်း၊ ခရီးသွားလာမှု

ဂျပန်အမျိုးသားတစ်ဦးသည် ကီလိုမီတာ ၆၀၀၀ကျော်သည့် အကွာအဝေးကို လန်ချားဆွဲပြီး ခြေကျင်ခရီးသွားခြင်းကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြောင်းသိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ယူဂျီဂမ့်ဆူဇူကီးသည် ကင်ညာနိုင်ငံမှ တောင်အာဖရိကနိုင်ငံအထိ ကီလိုမီတာ ၆၀၀၀ ကျော်ကွာဝေးသည့် အကွာအဝေးကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံရှိ ကိတ်တောင်းမြို့သို့ ဇန်နဝါရီလ ၂၆ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

ဆူဇူကီးသည်  ခြေကျင်သွား၍ လန်ချားဆွဲမည့်ခရီးစဉ်ကို ပြီးခဲ့သည့်နှစ်  ဇူလိုင်လအတွင်းက  ကင်ညာနိုင်ငံနိုင်ရိုဘီမြို့တော်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတစ်လျှောက်တွင် ၎င်းသည် တန်ဇန်းနီးယား၊ ဇမ်ဘီယာ၊ဘော့စဝါနာနှင့် နမ်မီးဘီးယားနိုင်ငံတို့ကို ဖြတ်ကျော်ခဲ့ရသည်။ မိမိသည် ခရီးသွားလာခြင်းကိုနှစ်သက်သူဖြစ်ပြီး ခရီးသွားခြင်းကို  ၉ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ မိမိအားအားပေးထောက်ခံသူများက ပေးအပ်သည့်အားပေးမှုစွမ်းအားကြောင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆူဇူကီးက ပြောသည်။

ဆူဇူကီးသည် အဆိုပါလန်ချားဖြင့် တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်၊ ဥရောပဒေသအတွင်း၌ ကီလိုမီတာ ၂၅၀၀ ရှိသည့် ခရီးစဉ်နှင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင်လည်း ကီလိုမီတာ ၅၁၀၀ ကျော်ရှိသည့် ခရီးစဉ်များကိုသွားရောက်ပြီးဖြစ်ကြောင်း သိရသည်။   

Source: Myawady Web Portal