အမေရိကန်လေယာဉ်ပျံသန်းမှုသမိုင်းတွင် ထူးခြားသည့်ပြောင်းလဲမှုဖြစ်လာနိုင်သည့်    နာဆာ၏ X-59 အသံထက်မြန်လေယာဉ်ပျံသန်းမှု

News Image

  • အမေရိကန်လေယာဉ်ပျံသန်းမှုသမိုင်းတွင် ထူးခြားသည့်ပြောင်းလဲမှုဖြစ်လာနိုင်သည့်    နာဆာ၏ X-59 အသံထက်မြန်လေယာဉ်ပျံသန်းမှု

အမေရိကန်အာကာသစင်တာ နာဆာအဖွဲ့သည် ၎င်းတို့၏ အသံထက်မြန်သည့်X-59 လေယာဉ်ကို ပျံသန်းခြင်းအားဖြင့်နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမိုင်းကို ပြောင်းလဲပစ်ရန်စီစဉ်လျက်ရှိသည်။

နာဆာအဖွဲ့အနေဖြင့် အသံထက်မြန်သည့် X-59 လေယာဉ်ကို ယခု ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပျံသန်းမည့် Quiet SuperSonic Technology mission ကိုဖော်ဆောင်ရန်စီစဉ်နေပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံ၏ ပိုင်နက်ကိုဖြတ်၍  အသံထက်မြန်သည့် လေယာဉ်များမောင်းနှင်ပျံသန်းခြင်းကိုတားမြစ်ထားခဲ့ခြင်းကြောင့် ယခုနာဆာကလုပ်ဆောင်မည့် X-59 လေယာဉ်ပျံသန်းရေးအစီအစဉ်သည် နိုင်ငံ့လေယာဉ်ပျံသန်းမှု သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်း ၅၀ကျော်အတွင်း ထူးခြားသည့်ပြောင်းလဲမှုတစ်ရပ်ဖြစ်လာနိုင်ဖွယ်ရှိသည်။ နာဆာအဖွဲ့သည် အဆိုပါအစီအစဉ်ကို  ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။

နာဆာအဖွဲ့သည် X-59 လေယာဉ်တည်ဆောက်ရန်အတွက် လော့ဟိမာတင်ကုမ္ပဏီနှင့် ဒေါ်လာ ၂၄၇ ဒသမ ၅ သန်း  တန်ဖိုးရှိသဘောတူညီချက်တစ်ရပ်ကို  လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းလေယာဉ်သည် ယခုအခါ နောက်ဆုံးအဆင့်စမ်းသပ်မှုများကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ သဲကန္တာရအတွင်း၌  လုပ်ဆောင်နေပြီဖြစ်သည်။ လက်ရှိတည်ဆောက်ပြီးဖြစ်သည့် X-59 လေယာဉ်ပုံကို လော့ဟိမာတင်ကုမ္ပဏီက ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။

လေယာဉ်ပျံတစ်စင်းအနေဖြင့် အသံထက်မြန်သည့်အရှိန်နှုန်းဖြင့်   မောင်းနှင်နိုင်စေရန်အတွက် တစ်နာရီလျှင် ၇၆၇ မိုင်ကျော် မောင်းနှင်ပျံသန်းနိုင်ရန်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် နာဆာအဖွဲ့သည် အဆိုပါအရှိန်နှုန်းကို ထုတ်လုပ်ပေးနိုင်မည့်၊  တစ်နည်းအားဖြင့် လေယာဉ်၏ တွန်းကန်အားကို တိုးမြှင့်ပေးနိုင်မည့် afterburner အင်ဂျင်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက စမ်းသပ်ခဲ့ပြီးဖြစ်သည်။

X-59 အသံထက်မြန်လေယာဉ်သည် လော့စ်အိန်ဂျလိမြို့မှ နယူးယောက်မြို့သို့၂ နာရီ ၃၀ မိနစ်ခန့်သာ  ကြာမြင့်စေမည်ဖြစ်ရာ ကုန်ကျစရိတ်နှင့်တွက်မည်ဆိုပါက များပြားလွန်းလှသည်ဟု ဆိုနိုင်သော်လည်း ၎င်းလေယာဉ်ပျံသန်းမည့်အစီအစဉ်သည် အမေရိကန်လေကြောင်းပျံသန်းမှု သမိုင်းကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြောင်းလဲစေသည့်အစီအစဉ်တစ်ရပ် ဖြစ်လာနိုင်သည်။

Ref: Mashable

Source: Myawady Web Portal