ကိုကင်းက ဝီစကီလောက်မဆိုးရွားကြောင်း ကိုလံဘီယာ သမ္မတ ပြော
ကိုကင်းသည် ဝီစကီလောက် အကျိုးသက်ရောက်မှု ဆိုးရွားမှုမရှိကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်နှင်ဒဏ်ပေးရေးမူဝါဒများနှင့် ကုန်သွယ်မှုအခွန် စည်းကြပ်ရန် မကြာသေးမီက ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရနှင့် တင်းမာမှုများရှိနေသည့်အချိန်တွင် ဂူစတာ ဗိုပက်ထရို၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။
ကိုလံဘီယာနိုင်ငံသည် ကိုကင်းထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု၏ အရေးပါသောအစိတ်အပိုင်းများသည် ကိုလံဘီယာနိုင်ငံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ coca plant အပင်၏ သစ်ရွက်များဖြင့် ပြုလုပ်သော မူးယစ် ဆေးဝါး၏ ဇာတိမှာ ကိုလံဘီယာနိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
ဂူစတာဗိုပက်ထရိုက “ကိုကင်းသည် ဝီစကီထက် ပိုဆိုးသဖြင့် တရားမဝင်ခြင်းမျိုး မဟုတ်ကြောင်း၊ ကိုကင်းကို မိမိတို့ နိုင်ငံကထုတ်လုပ်သည့်အတွက် တရားမဝင် ဖြစ်နေခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ အမေရိကန် သည် ဝီစကီထိပ်တန်း ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သောကြောင့် ဂူစတာဗို ပက်ထရိုသည် နှိုင်းယှဉ်မှုလုပ်ဆောင်ရန်အတွက် ဝီစကီကို အသုံးပြုခဲ့ခြင်း ဖြစ်ပုံပေါ်ကြောင်းလည်း သိရသည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ကိုကင်းက တရားဝင် ဖြစ်ခဲ့မည်ဆိုပါက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေသည့် ရာဇဝတ်အဖွဲ့အစည်းများ၏ စီးပွားရေးကို အလွယ်တကူ ဖျက်သိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဂူစတာဗိုပက်ထရို က ထပ်မံပြောဆိုခဲ့သည်။ ဂူစတာဗိုပက်ထရိုက “ကိုကင်းကို ဝိုင်လိုမျိုး ရောင်းချလို့ရပါကြောင်း၊ ရရှိလာသည့် အမြတ်ငွေများကို အသက်မပြည့်သူများ ကိုကင်းသုံးစွဲမှုကို တားဆီးရာတွင် အသုံးပြု၍ရပါကြောင်း” ဟု ပြောဆိုခဲ့သည်။
ကိုးကား-NP News