လူ ၁၀ ဦး လိုက်ပါလာသည့် လေယာဉ်အပျက် အလက်စကာရေခဲပြင်တွင် တွေ့ရှိ
အလက်စကာ ဖေဖော်ဝါရီ ၈
လူ ၁၀ ဦး လိုက်ပါလာသည့် လေယာဉ်သည် အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်ရှိ ရေခဲပြင်ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် အလက်စကာအနောက်ပိုင်း ဘဲရင်းအဲ လေကြောင်းလိုင်းမှဖြစ်ပြီး ယူနာလာကလီးသ်မှ နုမ်းသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နုမ်းမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာတွင် လေယာဉ်အပျက်အစီးများကို ကယ်ဆယ်ရေးအဖွဲ့မှ ဖေဖော်ဝါရီ ၇ ရက်က တွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
လေယာဉ်ပေါ် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ခြင်းမရှိဟု ယူဆရကြောင်း ကမ်းခြေစောင့်တပ်မှ တာဝန်ရှိသူများက ပြောသည်။
အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့မှ စုံစမ်းစစ်ဆေးသူများသည် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ