အပစ်အခတ်ရပ်စဲရေး အမေရိကန်အဆိုပြုချက်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် အကူအညီများကို အစ္စရေး ပိတ်ဆို့မည်
ဓားစာခံများ ထပ်မံလွတ်မြောက်လာစေရေး အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်ပြည်ထောင်စု၏ အဆိုပြုချက်အသစ်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် ထောက်ပံ့ရေး ပစ္စည်းများကို ပိတ်ဆို့ထားမည်ဟု အစ္စရေးက ဆိုသည်။ ဂါဇာကမ်းမြောင် သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှု ရပ်ဆိုင်း ထားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။
ကနဦး သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် မတ်လ ၁ ရက် (စနေနေ့)၌ ပြီးဆုံးခဲ့သည်။အမေရိကန်၏ အဆိုပြုချက် အသစ်တွင် ဟားမက်တို့က ထိန်းသိမ်းထားသော ဓားစာခံများထဲမှ တစ်ဝက်ကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဧပြီ လလယ်အထိ သက်တမ်းတိုးရန် တောင်းဆိုထားပါသည်။ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးသဘောတူချိန်၌ ကျန်ဓားစာခံများကို လွှတ်ပေးရမည်ဟုလည်း ဆိုထားပြီး ၎င်းအဆိုပြုချက်ကို ဟားမက်က ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါသည်။ ဒုတိယအဆင့်အတွက် စေ့စပ်ညှိနှိုင်းရေး ကိစ္စများတွင် တောင်းဆိုထားသည့် မူလသဘောတူညီချက်ကို အကောင် အထည်ဖော်ရမည်ဟု ၎င်းတို့ကဆိုသည်။ ဒုတိယအဆင့်တွင် ယင်း ကမ်းမြောင်မှ အစ္စရေးတပ်များ အပြီးတိုင်ဆုတ်ခွာခြင်း၏ အပြန်အလှန်အနေဖြင့် ဟားမက်က လက်ကျန်ဓားစာခံအားလုံးကို လွှတ်ပေးမည် ဖြစ်ပါသည်။ အကူအညီများ၏ အမှန်တကယ်စီးဆင်းမှု အသေးစိတ်ကို မသိရသေးသော်လည်း မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ဂါဇာ ကမ်းမြောင်သို့ ဝင်ရောက်ရန် နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခု၌ အကူအညီပေးရေး ထရပ်ကားယာဉ်တန်းရှည်ကို တွေ့နေရသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “ဂါဇာ ကမ်းမြောင်ဒေသအတွက် အကူအညီများကို ရပ်ဆိုင်းရန် အစ္စရေး၏ ဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းသည်” ဟုပြောခဲ့ကြောင်း သိရှိရပါသည်။ ဂါဇာကမ်းမြောင် မြောက်ပိုင်း၌ ဖောက်ခွဲရေးလုပ်ဆောင်ရန် ကြိုးစားနေသူအများအပြားကို တိုက်ခိုက်ခဲ့သည်ဟုလည်း အစ္စရေး တပ်ဖွဲ့များက ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂