ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

News Image

  • ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ် နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ် ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါတိုက်လေယာဉ် ၂၆ စင်းတွင် တစ်ယောက်ထိုင်တိုက်ခိုက်ရေး လေယာဉ် ၂၂ စင်းနှင့် နှစ်ယောက် ထိုင်အမောင်းသင် လေယာဉ် ၄ စင်း ပါဝင်ကြောင်း၊ ယင်းတိုက်လေယာဉ်များကို ၂၀၃၁ ခုနှစ်တွင် အပြီးသတ် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြ ထားသည်။

ထို့ပြင် ယင်းသဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် ပြုပြင် ထိန်းသိမ်းမှု၊ လိုအပ်ချက်များကို ထောက်ပံ့ပေးမှုနှင့် လေယာဉ်မှူးများအား သင်တန်းပေးမှုများ ပါဝင်သည့်အပြင် လေယာဉ်အတွက်လိုအပ်သော အစိတ်အပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်မှုတို့လည်း ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ်များကို ဝယ်ယူခြင်း သည် ရေတပ်၏ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊လေယာဉ်တင် သင်္ဘောအခြေပြု အင်ဂျင်နှစ်လုံးတပ်လေယာဉ်များကိုပြည်တွင်း၌ ထုတ်လုပ်အသုံးပြုနိုင်သည့်အချိန်အထိ ကွာဟချက်ကို ဖြည့်တင်းပေးရန်တို့အတွက်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက် အရ သိရှိရပါသည်။

ကိုးကား-RT