အီရန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂၈ ဦးသေဆုံးကာ ရာနှင့်ချီဒဏ်ရာရရှိ
အီရန်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အီရန် အနောက် တောင်ပိုင်း Bandar Abbas ဆိပ်ကမ်း၌ ကြီးမားသော ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၇၅၀ ခန့် ဒဏ်ရာရကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ပါသည်။
ထုတ်ပြန်ထားသော ဗီဒီယိုမှတ်တမ်းများအရ ဆိပ်ကမ်း၏ Shahid Rajaee ဧရိယာတွင် မီးခိုးမြူထူထပ်စွာ ထွက်ပေါ်လာပြီး အစိုးရက အဆိုပါ ပေါက်ကွဲမှု သည် သိုလှောင်ထားသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ထဲရေးဝန်ကြီး Eskandar Momeni က လေပြင်းတိုက်ခတ်မှုကြောင့် အခက်အခဲရှိသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေပြီး လူ ၆ ဦး ပျောက်ဆုံးနေသေးသည်ဟု အီရန် မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။
ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း နှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ Fatemeh Mohajerani က “အကြောင်း အရင်းကို အတည်ပြုရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်း၏ တစ်နေရာရှိ ကုန်တင်ကွန်တိန်နာများအတွင်း ဓာတုပစ္စည်းများ သိုလှောင်ထားသောနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ယူဆ ရကြောင်း” ဟု ပြောကြားခဲ့သည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂