ပါကစ္စတန်ထဲသို့ Indus မြစ်ရေစီးဆင်းမှု ဖြတ်တောက်ရန် အိန္ဒိယ စီစဉ်
ပါကစ္စတန်သို့ Indus မြစ်ရေ စီးဆင်းနေမှုကို လုံးဝဖြတ်တောက်ရန် လုပ်ဆောင်နေကြောင်း အိန္ဒိယ ရေအရင်းအမြစ်ဝန်ကြီး Chandrakant Raghunath Patil က အတည်ပြုပြောကြားလိုက်ပါသည်။
၁၉၆၀ ခုနှစ်က ချုပ်ဆိုခဲ့သော Indus ရေအရင်းအမြစ်စာချုပ် (IWT)ပါ ပါကစ္စတန်နှင့်ဆိုင်သော အပိုင်းများကို ယာယီရပ်ဆိုင်းပြီး အိန္ဒိယ၏ အနာဂတ်လမ်းပြမြေပုံအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စများ နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြကြောင်း ရေအရင်း အမြစ်ဝန်ကြီးက ပြောကြားထားပါသည်။ ယင်းကိစ္စအတွက် အိန္ဒိယအစိုးရ က လုပ်ဆောင်နေသည့် ကာလတို၊ ကာလလတ်၊ ကာလရှည်စသည့်အစီအမံများအကြောင်းကိုပါ Patil က ထည့်သွင်းပြောကြားထားပါသည်။
Indus မြစ်ရေကို ဓာတုနည်းဖြင့် ပြုပြင်ပြီး လမ်းကြောင်းလွှဲကာ အိန္ဒိယ အတွင်းရှိ အခြားသော ရေလမ်းကြောင်းများသို့ လွှဲပြောင်းရန်၊ ရေကာတာ များ အရှိန်မြှင့် တည်ဆောက်ရန်၊ ယခင်က စာချုပ်ကြောင့် ရပ်ဆိုင်းထား ရသော “ရာတယ်” ရေအားလျှပ်စစ်စီမံကိန်း ကဲ့သို့သော စီမံကိန်းများ ပြန်လည်စတင်ရန်၊ ပါကစ္စတန်သို့ ရေပေးပို့မှု ရပ်ဆိုင်းရန်၊ ရေလွှဲခြင်း၊ ရေကြီးမှုကာကွယ်ခြင်းအတွက် အရေးပါသော အချက်အလက်များ မျှဝေမှု ရပ်တန့်ရန် ပြုလုပ်သွားမည်ဖြစ်ပါသည်။
ပါကစ္စတန်၏ စိုက်ပျိုးမြေ ၈၀% သည် Indus မြစ်အပေါ် မှီခိုနေရ ပါသည်။ ဂျုံ၊ ဆန်၊ ဝါ စသည့် အဓိကသီးနှံများ ၂၀-၃၀% အထိ ထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါသည်။ ထို့ပြင် လာဟိုး၊ ကရာချီ၊ အစ္စလာမာဘတ် ကဲ့သို့သော မြို့ကြီးများတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာ နိုင်ပါသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရီဖ်က Indus မြစ်ရေ ဖြတ်တောက်မှုကိစ္စမှာ စီးပွားရေးအရ တိုက်ခိုက်မှုဖြစ်သည်ဟု သတ်မှတ်ကြောင်း၊ ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃