တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး
တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ ယနေ့ ဧပြီ ၂၉ ရက်ယခုအချိန်မှစ၍ မေ ၄ ရက်အတွင်း အရှေ့ဘက်မှလာသော လေပွေလှိုင်းများနှင့် အနောက်နှင့်မြောက်ဘက်မှလာသော လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်စဥ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်ခန့်၊ တစ်ခါတစ်ရံ မိုင်(၄၀)ခန့်အထိတိုက်ခတ်နိုင်၍ မိုးသက်လေပြင်းအန္တရာယ်အားသတိပြုနေထိုင်ကြရန် သတိပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဧပြီ ၂၉ ရက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် (အောက်ပိုင်း)တို့တွင် တိမ်ထူထပ်နေပြီး ဧရာဝတီတိုင်းတွင် နေရာစိပ်စိပ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းလျက်ရှိသည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
Source: Popular Myanmar