ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက် ခုတို့တွင် ဧပြီ ၂၉ ရက်ထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိ
■ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက်ခုတို့တွင် ဧပြီ ၂၉ ရက်ထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိ
■ အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၈ ဦး ရှာဖွေပေးနိုင်ခဲ့
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် (၆) ခုတို့တွင် ယနေ့(ဧပြီ ၂၉ ရက်)အထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့ အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၈ ဦး အား ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များ က ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၈ ရက် ည ၇ နာရီမှ ဧပြီ ၂၉ ရက် ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံ အခြေစိုက် Fo Guang Shani Bussha's Light International Association Yayasan Sin Chew အဖွဲ့ အစည်းများကထောက်ပံ့ပေးသည့် တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃ ဒသမ ၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂ ဒသမ ၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅ ဒသမ ၅၄၇) တန်၊ Serum Institute of India Pvt Ltd မှပေးပို့သည့် Tetanus Diphtheria (TD) ကာကွယ်ဆေး နှင့် Meases Rubella ကာကွယ်ဆေးများ၊ (၀ ဒသမ ၄၉) တန်၊ ကိုးရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ထောက်ပံ့ ပေးသည့် ရွက်ဖျင်တဲများထည့်ထားသော သစ်သားပုံး (၁၀) ပုံး၊ (၇ ဒသမ ၆၃၆) တန်နှင့် ရွက်ဖျင်တဲများ (၂ ဒသမ ၃၄၉) တန် အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိပါကြောင်း သိရသည်။
Source: Eleven Media