ငလျင်ဒဏ်သင့်ဒေသများအတွက် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပမည်

News Image

  • ငလျင်ဒဏ်သင့်ဒေသများအတွက် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပမည်

နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် သံ၊ သံမဏိအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးမည့် ဈေးရောင်းပွဲတော် ကျင်းပရန် ပြင်ဆင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဈေးရောင်းပွဲတော်ကျင်းပနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအပါအဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများဖြင့် ဧပြီ ၂၉ ရက်နေ့မှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ငလျင်ဘေးသင့်ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း များအတွက် သံမဏိ၊ ဘိလပ်မြေ စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဟာ မဖြစ်မနေလိုအပ်တဲ့ပစ္စည်း တွေဖြစ်ပါတယ်။ ငလျင်ဖြစ်ပွားရာဒေသများကို စုံစမ်းကြည့်ရာမှာ လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့်ကွာခြားမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ငလျင်ဘေးသင့်ဒေသတွေမှာ တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာနဲ့ လုံလောက်စွာရရှိရေး၊ အချိန်မီရရှိနိုင်ရေးတို့အတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်နေပါတယ်” ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ထို့ကြောင့် သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များအနေဖြင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊ ငလျင်ဘေးသင့်အဆောက်အအုံများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့်ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးမှန်ကန်သည့် ပစ္စည်းများကို အသုံးပြုနိုင်ရေး၊ ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့် ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ရေး၊ အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးရောင်းပွဲတော်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေနေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာအသင်းများ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားခြင်းဖြစ်သည်။

ကိုးကား-NP News