ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်

News Image

  • ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသောအဆောက်အအုံများကို နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆောက်အဦများ ပြန်လည်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။

ဧပြီလ ၂၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော အဆောက်အအဦများ ပြန်လည်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရုံးဌာန ၊ အဆောက်အအုံများအား ပြင်ဆင်ရန် အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများကို တာဝန်ပေး ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ ဆောင်ရွက်နေသည့် ကုမ္ပဏီများကို တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာ အသင်းသုံးသင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းစသည့် နည်းလမ်း သုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကတာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြ အင်ဂျင်နီယာ များပါဝင်သော ပညာရှင်များကို ဖွဲ့စည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate)များ တွက်ချက်ပြီး သက်ဆိုင်ရာ ပြုပြင် တည်ဆောက်ရေးအဖွဲ့မှတစ်ဆင့် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည် ဆောက်ရေး ကြီးကြပ်မှုကော်မတီသို့ တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ခန့်မှန်းကုန်ကျငွေအား လုပ်ငန်းပမာဏအရကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းများဖြင့် စစ်ဆေးခြင်းတို့ဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

အဆိုပါ ကော်မတီမှတစ်ဆင့် “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ” သို့ ဆက်လက်တင်ပြဆောင်ရွက်သွားပြီး ယင်း ကော်မတီ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေး စီမံပေးခြင်းဖြင့် ငလျင်ဒဏ်သင့်အဆောက်အအုံများပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်အပြင် ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေးအတွက် စိစစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-NP News