မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တိုက်မှုဖြစ်၍ လူနှစ်ဦး သေဆုံး

News Image

  • မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တိုက်မှုဖြစ်၍ လူနှစ်ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင်အကွီနို နိုင်ငံတကာလေဆိပ်(အင်န်အေအိုင်အေ) ဝင်ပေါက်အတွင်း မေလ ၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် လေးနှစ်အရွယ် မိန်းကလေးအပါအဝင် လူနှစ်ဦး ‌သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်သည် အင်န်အေအိုင်အေ တာမင်နယ်ဝမ်း ဝင်ပေါက်အနီးရှိ အပြင်လက်ရန်းကို ဝင်တိုက်ကာ လျှောက်လမ်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် လေဆိပ်က ပြောကြားခဲ့သည်။

“အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှ ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ထင်ယောင်ထင်မှား သုံးသပ်တာမျိုးတွေ မလုပ်ကြဖို့နဲ့ မကြာခင်ထုတ်ပြန်လာမယ့် အတည်ပြုချက်တွေကို စောင့်ကြဖို့ တိုက်တွန်းပါတယ်” ဟု အင်န်အေအိုင်အေ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အခင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသည့် ဖိလစ်ပိုင်ကြက်ခြေနီအသင်းက အဆိုပါဖြစ်ရပ်ကြောင့် အမျိုးသားတစ်ဦးနှင့် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး ‌သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာများက ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် တင်ခဲ့သည့်ဓါတ်ပုံများ၌ လူအချို့ မြေပြင်တွင် လဲကျနေခဲ့သည်ကို တွေ့ရသည်။

ဝင်ပေါက်တစ်လျှောက်ရှိ မှန်များကွဲအက်နေကာ လေဆိပ်တံခါးများကို ဝင်တိုက်ပြီးနောက် အနက်ရောင် လေးဘီးယက် လမ်းကြမ်းမောင်းယာဉ်တစ်စီး အတော်ထိခိုက်ပျက်စီးသွားခဲ့သည်ကိုလည်း တွေ့ရသည်။

ဒဏ်ရာရရှိသူများကို ကုသပေးနေကြောင်းနှင့် ယာဉ်မောင်းဖြစ်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အင်န်အေအိုင်အေ က ပြောကြားခဲ့သည်။

Source: Popular Myanmar