စစ်ကိုင်းတံတား(အင်းဝ)ကို ပြန်လည်ပြုပြင်မှုစတင်
ငလျင်ကြောင့် ပြိုကျသွားသည့် စစ်ကိုင်းတံတားဟောင်း(အင်းဝ)ကို ပြန်လည်တပ်ဆင် တည်ဆောက်မှုများစတင်နေပြီဟု ဒေသခံများထံမှ သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီး မြေအောက် ၁၀ ကီလိုမီတာ အနက်တွင် ဗဟိုပြုလှုပ်ခတ်သွားသော ငလျင်အတွင်း အင်းဝတံတား ခေါ် စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။ မေလ ၁ ရက်နေ့မှစတင်ကာ ပျက်စီးပြုတ်ကျသွားသည့် တံတားအပိုင်းများကို ပြန်လည်တပ်ဆင်ရန် သက်ဆိုင်ရာက ဝန်ချီကရိန်းများဖြင့် စတင် ပြင်ဆင်နေခြင်းဖြစ်သည်။ “တံတားပြန်ပြင်မယ်လို့ သတင်းထွက်နေတာ ကြာပြီ အခုမေလထဲမှာလုပ်ငန်းစလုပ်တာတွေ့ရပါတယ်။ ပြင်ဆင်ချိန် တစ်လလောက်ကြာမယ်လို့ သတင်းတွေလည်းထွက်နေပါတယ်” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက NP News သတင်းဌာနသို့ဖြေကြားသည်။ စစ်ကိုင်းတံတား(အင်းဝ)ကို ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ် ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ တံတားမှာ သံပေါင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ်ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ်မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက် ရက်မတို မှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁,၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက်ဆက်သွယ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးမှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁၉၅၄ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
ကိုးကား-NP News