ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများ၏မိသားစုဝင်များအား ပံ့ပိုးငွေ ပေးအပ်ခြင်းနှင့် စားသုံးကုန် ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ မတ်လ၂၈ ရက်ကလှုပ်ခတ်သည့် မန္တလေးငလျင်ကြီး ကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေပေးအပ်ခြင်း၊ လတ်တလောစားသောက်ရေး အဆင်ပြေစေရန်စားသုံးကုန်ပစ္စည်းများပေးအပ်ခြင်းနှင့် နေအိမ်ပြိုကျပျက်စီးမှုများအား ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပံ့ပိုးပေးခြင်းအခမ်းအနားကို မေလ ၁ ရက် နံနက်ပိုင်းတွင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည် ။
အခမ်းအနားတွင် ကျောက်ဆည်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက ငလျင်ဘေးကြောင့် တံတားဦး မြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေများနှင့် ငလျင်ဘေးဖြစ်ပွားခဲ့သည့် အိမ်ထောင်စု များအတွက် နိုင်ငံတော်မှပေးအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာပံ့ပိုးငွေကျပ် ၃၈၀ ဒသမ ၃၁၆ သန်းအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တံတားဦးခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တံတားဦးမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုလည်းကောင်း၊ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်အိဖြူဖြူနှင်းက ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို လည်းကောင်း ပြည်သူများလက်ဝယ်အရောက် ပေးအပ်ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ဘေးသင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေး စကားပြောကြားကာ ပံ့ပိုးငွေများပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ငလျင်ဘေးကြောင့် သေဆုံးသူ တစ်ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူ ကော်မတီမှ ငွေကျပ် ၁၀ သိန်း၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ငွေကျပ်ငါးသိန်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သုံးသိန်း - စုစုပေါင်းငွေကျပ် ၁၈ သိန်း၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၈၁၆ လုံးအား ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနှင့် စားနပ်ရိက္ခာအနေဖြင့် တစ်လစာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရိက္ခာငါးမျိုးအတွက် တန်ဖိုး ငွေကျပ်စုစုပေါင်း ၃၈၀ ဒသမ ၃၁၆ သန်းကိုပေးအပ်ခဲ့ ကြောင်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)