ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အောင်ပွဲများအတွက် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန် အဆိုပြု
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာ စစ်အောင်ပွဲများကို အမှတ်တရအဖြစ် အမျိုးသားအားလပ်ရက်သတ်မှတ်ရန် အစီအစဉ်များ ကြေညာခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က စတင်တင်ပြခဲ့သော ထိုအဆိုပြုချက်သည် “မိမိတို့၏အောင်ပွဲများကို ပြန်လည်ဂုဏ်ပြုရန်” ထရမ့်၏ တိုက်တွန်းချက် ၏ အစိတ်အပိုင်းဖြစ်သော်လည်း၊ အမေရိကန်သည် ဒုတိယကမ္ဘာစစ်ကို အနိုင်ရခဲ့သည်ဟူသော ၎င်း၏အဆိုကို ရုရှားက “အဓိပ္ပာယ်မရှိသော စကား” ဟု ပယ်ချခဲ့သည်။
တနင်္လာနေ့ (မေ ၅) တွင် Truth Social တွင် တင်ခဲ့သော ပို့စ်တစ်ခုတွင်၊ ထရမ့်က အမေရိကသည် “ကမ္ဘာစစ်နှစ်ခုကို အနိုင်ရခဲ့သော်လည်း မိမိ တို့သည် မည်သည့်အခါမျှ ဂုဏ်ယူခြင်းမပြုခဲ့ကြ” ဟု ဆိုကာ၊ ကမ္ဘာ တစ်ဝှမ်းရှိ အခြားမဟာမိတ်နိုင်ငံများသည် “ဒုတိယကမ္ဘာစစ်အောင်ပွဲကို ကျင်းပကြသည်မှာ မိမိတို့၏ အောင်မြင်မှုကြောင့်ဖြစ်သည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့နောက် ၎င်းက “အဆိုပါအောင်ပွဲသည် မိမိတို့ကြောင့်သာ ဖြစ်နိုင်ခဲ့သည်” ဟု ထပ်လောင်းပြောကြားကာ “အမေရိကန်မရှိပါက၊ အခြားနိုင်ငံများက ထိုစစ်ပွဲကို အနိုင်ရခဲ့မည်ဖြစ်ပြီး၊ ကမ္ဘာကြီးသည် လုံးဝကွဲပြားနေမည်” ဟု ရှင်းပြခဲ့သည်။
ထရမ့်က “၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းဖြင့် အမှတ်အသားပြုသော ပထမကမ္ဘာစစ်အောင်ပွဲနှင့်၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်တွင်ကျရောက်သော ဒုတိယကမ္ဘာစစ်အောင်ပွဲများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားအားလပ်ရက်တစ်ရက် သတ်မှတ်မည်” ဟု ကြေညာခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ထရမ့်က အမေရိကန်သည် “ဒုတိယကမ္ဘာစစ် အောင်ပွဲအတွက် အခြားမည်သည့်နိုင်ငံထက်မဆို ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်” ဟု ပြောကြားခဲ့ပြီး၊ “စစ်အင်အား၊ သတ္တိနှင့် စစ်ရေးကျွမ်းကျင်မှုတွင် အမေရိကန်နှင့် နှိုင်းယှဉ်နိုင်သူ မရှိခဲ့” ဟု ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂