တံတားဦးခရိုင်/ မြို့နယ်တို့စုပေါင်းပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာ(၁၀၈) ပါး အား ဆွမ်းလောင်းလှူပွဲကျင်းပ
၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ ၊ အလှူရှင်များစုပေါင်းပြီး သံဃာ့ (၁၀၈) ပါးအား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းစိမ်းလောင်းလှူပွဲကို မေလ ၁၁ ရက်နေ့၊ နံနက် (၇) နာရီက တံတားဦးမြို့နယ် ပန်းကျေးရွာ စိန်ဖူးဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပကြောင်းသိရသည် ။
ရှေးဦးစွာ မြို့နယ်သံဃာ့နာယက ဩဝါဒဆရာတော်ကြီးနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ထေကြီးဝါကြီးသက်တော်ရှည်ဆရာတော်ကြီး(၉)ပါးအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်တို့က အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပေး ကြသည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များက မြို့နယ် သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အပေါင်းမှ ပြည်သူပြည်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး မြို့နယ်သံဃာ့နာယက ဩဝါဒစရိယမှ အနုမောဒနာ တရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည် ။
ဆက်လက်၍ သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို ကျင်းပရာ မြို့ပေါ်ရပ်ကွက်မှ ဘုန်းတော်ကြီး ကျောင်းပေါင်း (၂၀) မှ ဆရာတော်သံဃာတော် (၁၀၈) ပါးအား တံတားဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ၊ စေတနာရှင်အလှူရှင်များက ဆွမ်းနှင့်ဆွမ်းဟင်းများ ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပေးကြသည်။ အဆိုပါလှူဒါန်းပွဲတွင် ဆရာတော်သံဃာတော်များလှူဒါန်းငွေကျပ် စုစုပေါင်း(လှူဒါန်းငွေကျပ်၃,၂၃၁,၉၀၀) ဖြစ်ကြောင်း သိရသည် ။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)