ပြင်သစ်နှင့် ဗီယက်နမ်တို့သည် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ဟနွိုင်းခရီးစဉ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုး
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက် ၁၇ ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ အဆိုပါ သဘောတူညီချက်များတွင် လေကြောင်း၊ အာကာသ၊ သယံဇာတနှင့် စက်မှုလုပ်ငန်းများ ပါဝင်သည်။
ပြင်သစ်အနေဖြင့် အာရှတွင် တရုတ်၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ဗီယက်နမ်နှင့် မိတ်ဖက်ပြုခြင်းဖြစ်သည်။ ဗီယက်နမ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိပြီး အဆင့်မြင့် နည်းပညာ များ လွှဲပြောင်းရရှိမည်ဖြစ်သည်။
Vietjet Air လေကြောင်းလိုင်းမှ ပြင်သစ် Airbus လေယာဉ် ၅၀ စီး ဝယ်ယူသွားမည်ဖြစ်ပြီး ပြင်သစ်က အခြေခံအဆောက်အအုံနှင့် သန့်ရှင်း သော စွမ်းအင်စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့မည်ဖြစ်သည်။
ပြင်သစ်ကုမ္ပဏီ Electricity de France (EDF) မှ ဗီယက်နမ်၏ လေစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်စီမံကိန်းများတွင် ပါဝင် ဆောင်ရွက်မည်ဟု သိရှိရသည်။ ပြင်သစ်သည် အင်ဒိုပစိဖိတ်ဒေသတွင် ဩဇာလွှမ်းမိုးမှု မြှင့်တင်ရန် ဗီယက်နမ်ကို အချက်အခြာကျသော မိတ်ဖက်အဖြစ် ရှုမြင်သည်။
ဗီယက်နမ်အနေဖြင့်လည်း နိုင်ငံတကာမိတ်ဖက်များ ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်များသည် နှစ်နိုင်ငံအတွက် စီးပွားရေး အကျိုး ကျေးဇူး သာမက နိုင်ငံရေးအရလည်း အရေးပါသော ခြေလှမ်းဖြစ်သည်။ ပြင်သစ်သည် အာရှတွင် မိမိ၏ဩဇာညောင်းမှုကို ထိန်းသိမ်းရန်၊ ဗီယက်နမ်ကလည်း နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ရည်ရွယ်သည်ဟု ဆိုနိုင်ပါသည်။
ကိုးကား- Reuters
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂