မြောင်းမြမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၂၀၂၄၃ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်
မြောင်းမြ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောစပါး ၁၂၀၂၄၃ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၁၂၀၆၂၀ ထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သည့် စပါးခင်းများကို ယခုနှစ် ဧပြီလပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် စပါး ၁၂၀၂၄၃ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ထိုသို့ ရိတ်သိမ်းခဲ့သည့် စပါးတစ်ဧကလျှင် ၁၁၅ ဒသမ ၀၈ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
“မြောင်းမြမြို့နယ်မှာ စပါးဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ စပါးတွေ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်စပ်ဌာနတွေနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့လဲ လျာထားဧကအတိုင်း စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။ စပါးအထွက်နှုန်းကောင်းစေဖို့ နည်းပညာပေးတာတွေ၊ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးဖို့ နည်းပညာပေးတာတွေ၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေးတာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြသည်။
မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ရက် ၉၀၊ သီးထပ်ရင်၊ ထိုင်းဘေးကျား၊ နှစ်လခွဲ စသည့်စပါးအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေရုံမျှမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ