အမေရိကန်၏အကြံပြုချက်ကို ဟားမက်တို့လက်ခံပြီး ဓားစားခံများကို ပြန်လွှတ်ပေးမည်
ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ်၏ အဆိုပြုချက်ကို ဟားမက်အဖွဲ့က လက်ခံလိုက်သည် ဟု ဟားမက်အဖွဲ့နှင့် နီးစပ်သည့် ပါလက်စတိုင်းအရာရှိတစ်ဦးက ရိုက်တာ သတင်းဌာနကို တနင်္လာနေ့ (မေ ၂၆) တွင် ပြောကြားခဲ့ပြီး ပဋိပက္ခ အဆုံးသတ်ရန် လမ်းခင်းပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အသက်ရှင်လျက်ရှိသူ ဓားစာခံ တစ်ဝက် နှင့် သေဆုံးပြီး ဓားစာခံ တစ်ဝက်ကို လွှတ်ပေးရန်နှင့် ရက်ပေါင်း ၇၀ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆိုပြုချက်အသစ်ကို ဟားမက်တို့ကသဘောတူညီခဲ့သည်ဟု ကြားဝင်ဖျန်ဖြေသူများမှတစ်ဆင့် သိရှိခဲ့ရပါသည်။ ရက် ၇၀ အပစ်အခတ် ရပ်စဲရေး၊ ဂါဇာကမ်းမြောင်မှ တစ်စိတ်တစ်ပိုင်း နုတ်ထွက်ရေးနှင့် ဟားမက်က ဖမ်းဆီးထားသော အသက်ရှင်ကျန်ရစ်သော အစ္စရေး ဓားစာခံ တစ်ဝက်နှင့် သေဆုံးပြီးဓားစာခံ တစ်ဝက်အား အုပ်စုနှစ်စုခွဲပြီး လွှတ်ပေးရန်အတွက် အဆိုပြုချက်တွင် ပါဝင်ကြောင်း သတင်းရင်းမြစ် က ဆိုသည်။
အစ္စရေးမှ ဖမ်းဆီးထားသည့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ ရာပေါင်း များစွာအပါအဝင် ပါလက်စတိုင်း အကျဉ်းသား အများအပြားကို လွှတ်ပေးရန် အဆိုပြုချက်ကိုလည်း ပေးပို့ထားသည်ဟု သိရှိရသည်။ ဟားမက်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မည်သည့်တာဝန်ရှိ အစိုးရမှ လက်မခံနိုင်ကြောင်း အစ္စရေးအရာရှိတစ်ဦးက နောက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။
အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင်နေတန်ယာဟုက ဓားစာခံများ လွတ်မြောက်ရေးအတွက် ယာယီ အပစ်အခတ်ရပ်စဲရေးကို အစ္စရေး အနေဖြင့်ဆန္ဒရှိကြောင်းပြောကြားခဲ့ပြီး၊ ဟားမက်များအား အမြစ်ပြတ် ချေမှုန်းပြီးသည်နှင့် တိုက်ပွဲများပြီးဆုံးနိုင်မည်ဟု ကတိပြုထားပါသည်။
ကိုးကား- MNP