ဒေသတွင်းလက်နက်ကိုင်များကြောင့် ကချင်ဒေသတွင် သဘာဝဘေးဒဏ် ပိုမိုကြုံလာနေရ

News Image

  • ဒေသတွင်းလက်နက်ကိုင်များကြောင့် ကချင်ဒေသတွင် သဘာဝဘေးဒဏ် ပိုမိုကြုံလာနေရ

ကချင်ပြည်နယ်တွင် ဒေသအတွင်းရှိ လက်နက်ကိုင်များကြောင့် သဘာဝ ဘေးဒဏ်ကို ပိုမိုကြုံလာနေရကြောင်း သဘာဝပတ်ဝန်းကျင် အရေး တက်ကြွလှုပ်ရှားသူများက NP News သို့ ပြောသည်။ ကချင်ဒေသတွင်းရှိ လက်နက်ကိုင်များ၏ ရွှေတူးဖော်မှု၊ မြေရှားသတ္တုတူးဖော်မှု၊ သစ်မှောင်ခို ခုတ်ထွင်မှုများကြောင့် ကချင်ပြည်နယ်ရှိ သစ်တောဧရိယာများ ပျောက်ကွယ် လာနေပြီး မိုးရွာသွန်းသည်နှင့် မိုးကြီးခြင်း၊ အပူချိန်များတိုးလာခြင်း စသော သဘာဝဘေးအန္တရာယ်များကို ပိုမိုကြုံတွေ့လာနေကြရကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။

“အဓိကကတော့ သစ်ပင်တွေကို ခုတ်တယ်။ သစ်ပင်ခုတ်လို့ တောင်ကတုံး ဖြစ်သွားရင် မြေရှား သတ္တုထုတ်တယ်။ နောက်ပြီး ရွှေတွေတူးကြ တယ်။ အဲဒီလို လုပ်ကြတော့ မိုးရွာတာနဲ့ တောင်ပေါ်ကရေတွေက သစ်ပင်တွေ မရှိတော့ အရှိန်နဲ့ဆင်းလာမယ်။ တောင်ပေါ်မှာ ရေမစုထားနိုင်တော့ဘူး။ အဲဒီလို ဆင်းလာရင် ရွှေတူးထားတဲ့မြေစာတွေနဲ့ရောပြီး မြစ်ကြောင်းတွေ တိမ်ကောကုန်တယ်။ ဒီတော့ ရေတွေက ပုံမှန်ထက် ပိုတက်လာတယ်။ သေချာတာကတော့ ဒါတွေဟာ အဲဒီဒေသတွေမှာရှိတဲ့ လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေခံနေရတာတွေပဲ” ဟု ၎င်းက ဆိုသည်။

ထိုသို့ သစ်ပင်များပျောက်လာသည်နှင့် အမျှ ယခင်က ယင်းဒေသတွင် တည်ရှိခဲ့သည့် ရာသီဥတုအခြေ အနေများပါ ပြောင်းလဲလာမည်ဖြစ်ပြီး ကချင်ဒေသတွင် ဧရာဝတီမြစ်ဖျားစတည်ရာ မေခနှင့် မလိခမြစ်တို့တည်ရှိနေသည့်အတွက် ရေရှည်တွင် ဧရာဝတီမြစ်ကိုပါ ထိခိုက်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် အရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။

“ပထမက သစ်တော၊ သစ်ပင်တွေကို ခုတ်တယ်။ အဲဒီတော့ မိုးရာသီ ရောက်တာနဲ့ ရေတွေက အရှိန်ပြင်းပြင်းနဲ့ နုန်းတွေကို မြစ်ကြောင်း တစ်လျှောက်သယ်လာတယ်။ တကယ်လို့အပင်တွေသာ ရှိနေရင် နုန်း ပါဝင်မှုကို လျော့ကျစေနိုင်တယ်။ ဒီထက်ဆိုးတာက မြေရှားကိစ္စ။ မြေရှား သတ္တုထုတ်ဖို့ ဓာတုပစ္စည်းတွေ သုံးရတယ်။ အဲဒီကထွက်တဲ့ စွန့်ပစ်ရေ တွေက မြစ်ကြောင်းတစ်လျှောက်သာ ပါလာခဲ့ရင် အဲဒီမြစ်ရေက သောက်သုံး လို့မရတော့တဲ့အထိဖြစ်မှာပဲ” ဟု ၎င်းက ဆိုသည်။ 

အိန္ဒိယအရှေ့မြောက်ဘက်သို့ ဝင်ရောက်သွားသည့် မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များမှာ မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာခဲ့ သည့်အတွက် မေလ (၃၀) ရက်ခန့် မှစတင်ကာ ကချင်ပြည်နယ်ရှိ ချီဖွေ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူထောင်နှင့်ချီကာ ရေဘေးသင့်ခဲ့ကြရသည်။

ကိုးကား- NP News