လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဆူပူအကြမ်းဖက်မှုများ ရက်ပေါင်းများစွာ ဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်
လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများကြောင့် ဆူပူမှုနှင့် လုယက်မှုများ ရက်ပေါင်းများစွာ ဖြစ်ပွားပြီးနောက် လော့စ်အိန်ဂျယ်လိစ်မြို့လယ်တွင် ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ခဲ့သည်။
မြို့တော်ဝန် Karen Bass က အင်္ဂါနေ့ (ဇွန် ၁၁) တွင် ထုတ်ပြန်ချက်အရ ထိုကန့်သတ်ချက်များသည် ည ၈ နာရီမှ နံနက် ၆ နာရီအထိ အာဏာ သက်ရောက်မည်ဖြစ်ပြီး ယင်းအမိန့်ကို ချိုးဖောက်သူများအား ဖမ်းဆီး အရေးယူမည်ဟု ဆိုသည်။ အဆိုပါညမထွက်ရအမိန့်ကို ရက်အနည်းငယ် ကြာ ဆက်လက်ကျင့်သုံးရန် မျှော်လင့်ထားသည်။
Bass က အရေးကြီးသော အလှည့်အပြောင်းတစ်ခု ရောက်ရှိလာပြီ ဖြစ်ကြောင်း ဆိုကာ ယမန်နေ့ည (ဇွန် ၉) က လုပ်ငန်း ၂၃ ခု လုယက်ခံ ခဲ့ရသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
NBC Los Angeles ၏ ဖော်ပြချက်အရ ထိုညမထွက်ရအမိန့် သည် 5 Freeway၊ 110 Freeway နှင့် 10 Freeway တို့ဖြင့် ဝန်းရံထားသော တစ်စတုရန်းမိုင်ခန့်ဧရိယာကို ဖုံးလွှမ်းထားပြီး 10 Freeway သည် 110 နှင့် 5 Freeway တို့နှင့် ပေါင်းဆုံရာထိ ပါဝင်သည်။
LAPD ရဲမှူးချုပ် Jim McDonnell က အဆိုပါဧရိယာတွင် နေထိုင်သူများ၊ အရေးပေါ်နှင့် လုံခြုံရေးဝန်ထမ်းများ၊ သတင်းသမားများနှင့် အိမ်ရာမဲ့ များအား အဆိုပါ ညမထွက်ရအမိန့်မှ ကင်းလွတ်ခွင့်ပေးထားကြောင်း ပြောကြားခဲ့သည်။
မြို့တစ်ဝှမ်းတွင် ဆက်တိုက်ဖြစ်ပွားနေသော မငြိမ်မသက်မှုများကြောင့် လူ့အသက်နှင့် ပစ္စည်းဥစ္စာများကို ကာကွယ်ရန် ထို ညမထွက်ရအမိန့် သည် လိုအပ်သော အစီအမံတစ်ရပ်ဖြစ်သည်ဟု ၎င်းက ပြောကြား ခဲ့သည်။
သမ္မတ Donald Trump ၏ တရားမဝင် လူဝင်မှုကြီးကြပ်ရေး ပြင်းထန်စွာ ကိုင်တွယ်မှုများအတွင်း ဖက်ဒရယ်အေးဂျင့်များက လူအချို့ ကို ဖမ်းဆီးခဲ့ပြီးနောက် သောကြာညက အကြမ်းဖက်ဆူပူမှုများ စတင်ခဲ့သည်။ ယခုအချိန်ထိ လူ ၃၅၀ ကျော်ကို ဖမ်းဆီးထားပြီး ယင်းအနက် ၁၉၇ ဦးကို အင်္ဂါနေ့ (ဇွန် ၁၁) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သတင်း ရဟတ်ယာဉ်များမှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် လူအုပ်များ လမ်း များပေါ်တွင် ဆက်လက်စုဝေးနေသည်ကို တွေ့ရသည်။
ကိုးကား- RT