ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွင် ဝမ်ယိ ဗီဒီယိုမိန့်ခွန်းပြောကြား

News Image

  • ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွင် ဝမ်ယိ ဗီဒီယိုမိန့်ခွန်းပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇွန် ၁၀ ရက်တွင် ကျင်းပသော ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ဝမ်ယိက ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများက သယ်ဆောင်လာသည့် ကြီးမားသော ထိုးနှက်မှုများကို ရင်ဆိုင်ရာတွင် ယဉ်ကျေးမှု၏တန်ဖိုးသည် ယခင်ကမရှိခဲ့ဖူးအောင် သိသာထင်ရှားလျက်ရှိကြောင်း၊ ယဉ်ကျေးမှု အပြန်အလှန်ဆက်ဆံမှုသည်လည်း အလွန်အရေး ကြီးကာ ယဉ်ကျေးမှု၏ တွေ့ဆုံဆွေးနွေးမှုသည် အချိန်အခါသင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးနှောင်ကြိုး၊ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားဖြစ်သလို ချစ်ကြည်ရေး၏ ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ထားရှိခြင်းသည် နိုင်ငံအသီးသီး ပြည်သူများက ယဉ်ကျေးမှု တွေ့ဆုံ ဆွေးနွေးမှု တွန်းအားပေးရေး၊ လူသားမျိုးနွယ်တိုးတက်မှု မြှင့်တင်ရေး အများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီသဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးခြင်းခံရကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခြင်းသည် လူသား မျိုးနွယ်တစ်ရပ်လုံး၏ ဘုံတန်ဖိုးမြှင့်တင်ရန်၊ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုကို အလေးထားရန်၊ လူမှုယဉ်ကျေးမှု နိုင်ငံတကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် အဆိုပြုခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင် ရန်အတွက် လုပ်ဆောင်သည့် အရေးကြီးကြိုးပမ်းမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍ သုံးရပ်မှ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ရန် ခံယူထားကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ယဉ်ကျေးမှုတန်းတူညီမျှမှုအား ကာကွယ်စောင့်ထိန်းသူအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးပြည်သူများက ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း နှင့်လူမှုအသိုက်အဝန်းစနစ်ကို လေးစားပြီး ယဉ်ကျေးမှုပဋိပက္ခဖြစ်မှုကို ငြင်းပယ်ကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို တားမြစ်ကာ တန်းတူ ညီမျှ လေးစားခံရမှုကို အတူမျှဝေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှု၏ လက်တွေ့ဖော်ဆောင်သူအဖြစ် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် ဉာဏ်ပညာကိုရယူကာ ကမ္ဘာကြီးခေတ်မီအသွင်ပြောင်းမှု လမ်းကြောင်းကို တိုးချဲ့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၈ ခုနှစ် ကုလသမဂ္ဂ ယဉ်ကျေးမှု မဟာမိတ်အဖွဲ့ (UNAOC) ကမ္ဘာလုံးဆိုင်ရာဖိုရမ်အား လက်ခံကျင်းပရန် တက်ကြွစွာ စဉ်းစားလျက်ရှိကြောင်း ဝမ်ယိက ပြောကြား ခဲ့သည်။

တတိယအနေဖြင့် ယဉ်ကျေးမှုတိုးတက်မှုအား မြှင့်တင်သူအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အတွေးအခေါ်၊ နည်းပညာ၊ လူပုဂ္ဂိုလ်သွားလာမှုများကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စ နည်းပညာများကို ကောင်းမွန်စွာ အသုံးပြု၍ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ကူညီပေးကာ ဘုံရုပ်ဝတ္တုပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု များကို အဆက်မပြတ် ပြည့်ဝအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံ စသည့် နိုင်ငံပေါင်း ၈၃ နိုင်ငံမှ တင်ပြသည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး နှစ်စဥ် ဇွန် ၁၀ ရက်ကို “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ