ဂျပန်နှင့် တရုတ်တို့ တိုက်လေယာဉ်ပျံသန်းမှုများနှင့်ပတ်သက်၍ အပြန်အလှန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ
ဂျပန်နိုင်ငံက ၎င်းတို့၏ စစ်လေယာဉ်အနီး တရုတ်တိုက်လေယာဉ်များ ပုံမှန်မဟုတ်သည့်နည်းလမ်းဖြင့် ချဉ်းကပ်ပျံသန်းမှုအပေါ် တရုတ်အစိုးရထံ ကြာသပတေးနေ့ (ဇွန် ၁၂ ရက်) တွင် တရားဝင် ကန့်ကွက်ခဲ့ပြီးနောက် တရုတ်ဘက်က ပစိဖိတ်သမုဒ္ဒရာအပေါ်ယံ၌ ဂျပန်စစ်လေယာဉ်၏ “အန္တရာယ် ရှိလှုပ်ရှားမှု” ဟု ခေါ်ဝေါ်သတ်မှတ်သည့် အပြုအမူကို ကန့်ကွက် ဝေဖန်ခဲ့သည်။
ဂျပန်အစိုးရသည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်ထံတရားဝင် ကန့်ကွက်ခဲ့သော်လည်း၊ ဂျပန်စစ်ဘက်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရသည်ဟု အစီရင်ခံချက်တွင်မပါရှိခဲ့ပေ။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ စနေနေ့ (ဇွန် ၈ ရက်) တွင် တရုတ်၏ Shandong သံမဏိသင်္ဘောမှ J-15 တိုက်လေယာဉ်တစ်စင်းသည် ဂျပန်၏ P-3C စောင့်ကြည့်လေယာဉ်ကို မိနစ် ၄၀ ကြာ နောက်မှချဉ်းကပ်ပျံသန်းခဲ့ပြီး နောက်တစ်နေ့ တနင်္ဂနွေနေ့ (ဇွန် ၉ ရက်) တွင် J-15 တိုက်လေယာဉ် နှစ်စင်းက အလားတူ ပျံသန်းမှုကို မိနစ် ၈၀ ကြာ ထပ်မံပြုလုပ်ခဲ့သည်။
ဂျပန်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက AFP သို့ ပြောကြားရာတွင် “အဆိုပါ ကြာမြင့်စွာ ချဉ်းကပ်ပျံသန်းမှုအတွင်း တိုက်လေယာဉ်များသည် P-3C အား ပုံမှန်မဟုတ်သည့်နည်းဖြင့် အနီးကပ်ပျံသန်းခဲ့ပြီး နှစ်ရက်စလုံးတွင် စောင့်ကြည့်လေယာဉ်နှင့် ၄၄၄ မီတာ (၄၅ မီတာ) အကွာအဝေးအတွင်း ပျံသန်းခဲ့သည်” ဟု ဖော်ပြခဲ့သည်။
ထို့အပြင် တနင်္ဂနွေနေ့တွင် တရုတ်တိုက်လေယာဉ်များသည် ဂျပန် P-3C စောင့်ကြည့်လေယာဉ်၏ ရှေ့ ၉၀၀ မီတာ အကွာမှ ချဉ်းကပ်ပျံသန်း ခဲ့ကြောင်း တိုကျိုက ထုတ်ပြန်ခဲ့သည်။ ထိုအကွာအဝေးသည် P-3C တစ်စင်း အနေဖြင့် ပုံမှန်အရှိန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်သည့် အကွာ အဝေး ဖြစ်သည်။
ဂျပန်ကာကွယ်ရေးဦးစီးချုပ် ယိုရှိဟီဒဲ ယိုရှီဒါက ကြာသပတေးနေ့ (ဇွန် ၁၂) တွင် သတင်းထောက်များအား “အဆိုပါချဉ်းကပ်မှုကို မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုဟု မိမိတို့အနေဖြင့် မယုံကြည်ပါ” ဟု ပြောကြားခဲ့သည်။
“မိနစ် ၄၀ နှင့် ၈၀ ကြာ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည်ကိုထောက်ဆလျှင် ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည်ဟု မိမိတို့ နားလည်ထားပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုသို့ဂျပန်ဘက်က ဖော်ပြချက်များအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်က ပြန်လည်တုံ့ပြန်ခဲ့သည်။ “ပင်လယ်ပြင်နှင့် လေကြောင်းလုံခြုံရေးအတွက် အန္တရာယ်၏ အရင်းခံ အကြောင်း အရင်း မှာ ဂျပန်စစ်လေယာဉ်မှ တရုတ်၏ ပုံမှန်စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်စစ်ဆေးခြင်းကြောင့် ဖြစ်သည်” ဟု ၎င်းက ပြောကြား ခဲ့သည်။
“တရုတ်ဘက်အနေဖြင့် ဂျပန်ဘက်ကို ထိုကဲ့သို့အန္တရာယ်ရှိသော အပြုအမူမျိုးကို ရပ်တန့်ရန် တိုက်တွန်းလိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂