တံတားဦးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင် ဇာတ်တိုက် လေ့ကျင့်
တံတားဦး ၊ ဇွန် - ၁၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေဘေးကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇွန် ၁၁ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် ဧရာဝတီမြစ်နှင့် ဒုဌဝတီ မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော မီသွေးတိုက်ကျေးရွာ၊ ဆင်ကျုံးကျေးရွာ၊ အိုးတုတ္တန်းကျေးရွာ၊ ဈေးချိုကျေးရွာ၊ မြစ်သာကျေးရွာနှင့် ဘလဲ့ဘ ကျေးရွာတို့မှ ဒေသခံပြည်သူများအား ရေဘေး၊ ကမ်းပြိုဘေး အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ အသက်ကယ်အင်္ကျီဝတ်ဆင်နည်းများအကြောင်းနှင့် ရေဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)