ရုရှားနိုင်ငံသည် G8 တွင်ပါဝင်သင့်သည်ဟု ထရမ့်ဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို G8 အုပ်စုမှ ထုတ်ပယ်လိုက်ခြင်းသည် မှားယွင်းသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ရုရှား ပါဝင်နေမည်ဆိုပါက ယူကရိန်းပဋိပက္ခ အရှိန်မမြင့်မားစေရန် တားဆီးနိုင်မည်ဟု ပြောကြား ခဲ့ပါသည်။
ရုရှားသည် ၁၉၉၇ ခုနှစ်တွင် G7 ဟု ယခင်ကသတ်မှတ်ခဲ့သည့် အစုအဖွဲ့သို့ ပထမဆုံးပါဝင်ခဲ့ပြီး ၎င်းတွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အီးယူတို့ “စာရင်းထည့်သွင်း မရေတွက်သော အဖွဲ့ဝင်” အဖြစ်ပါဝင်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယားကျွန်းဆွယ် ရုရှားနှင့်ပူးပေါင်းသွားပြီးနောက် ရုရှား၏အဖွဲ့ဝင် အခွင့်အရေးကို ဆိုင်းငံ့ လိုက်ကာ G8 မှ G7 အဖြစ် ပြန်ဖြစ်သွားခဲ့ပါသည်။ ခရိုင်မီးယားတွင် အနောက်နိုင်ငံများကထောက်ခံသည့် မိုင်ဒန်အာဏာသိမ်းမှုအပြီး ဆန္ဒခံ ယူပွဲပြုလုပ်ကာ ယူကရိန်းမှခွဲထွက်ခဲ့ပြီး ရုရှားနှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပါသည်။
ထရမ့်သည် တနင်္လာနေ့ (ဇွန် ၁၆) က ကနေဒါ၌ကျင်းပခဲ့သော G7 ထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် အထက်ပါအချက်ကိုပြောဆိုခဲ့ပြီး ရုရှားသည် ယခင်က အဆိုပါအုပ်စုတွင်ပါဝင်ခဲ့ကြောင်း ပြန်လည်သတိရစေခဲ့ပါသည်။
“G7 ဆိုသည်မှာ ယခင်က G8 ဖြစ်ခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျစ်စတင် ထရူးဒိုး တို့က ရုရှားကိုမပါစေချင်ခဲ့ပါ” ဟု ၎င်းက ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ နှင့် ပထမဆုံးအကြိမ်အစည်းအဝေး၌ ပြောခဲ့ပါသည်။
“ဤသည်မှာမှားယွင်းသောဆုံးဖြတ်ချက်ဟု သတ်မှတ်လိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှားပါဝင်နေပါက စစ်ပွဲဖြစ်လာမည်မဟုတ်ဘဲ လွန်ခဲ့သည့်လေးနှစ်တွင် ၎င်း(ထရမ့်)သမ္မတဖြစ်နေပါက ယခုကဲ့သို့သော စစ်ပွဲဖြစ်လာမည်မဟုတ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ထရမ့်သည် ၎င်း၏ပထမသက်တမ်းအတွင်းတွင် ရုရှားကိုပြန်လည် ထည့်သွင်းရန် အကြိမ်ကြိမ်အဆိုပြုခဲ့သော်လည်း အခြားအဖွဲ့ဝင်များကပယ်ချခဲ့ပါသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထရမ့်က ရုရှားကို G8 တွင် ပြန်မြင်ချင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂