ကိယက်ဗ် နှင့် လန်ဒန် တို့သည် 'သွေးစွန်းသော လှုံ့ဆော်မှုများ' စီစဉ်နေသည်ဟု ရုရှားထောက်လှမ်းရေးအေဂျင်စီ သတိပေး
ကိယက်ဗ် နှင့် လန်ဒန် တို့သည် ယူကရိန်းပဋိပက္ခကို အရှိန်မြှင့်တင်ရန် နှင့် Moscow နှင့် Washington အကြားအပြန်အလှန်ဆွေးနွေးမှုများကို နှောင့်ယှက်ရန်အတွက် "သွေးစွန်းသော လှုံ့ဆော်မှုများ" အစီအစဉ်ကို စီစဉ် နေကြောင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဝန်ဆောင်မှု (SVR) မှ သတိပေးခဲ့သည်။
တနင်္လာနေ့ (ဇွန် ၁၆) တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တစ်ရပ်တွင် ယူကရိန်း၏ လုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် ၎င်း၏ စစ်ထောက်လှမ်းရေး (GUR) တို့သည် ဗြိတိန်ထောက်လှမ်းရေးနှင့် ညှိနှိုင်းမှုများ တိုးမြှင့်လာနေပြီး ယင်းမှာ Kiev ၏ "စစ်မြေပြင်ရှုံးနိမ့်မှုများ တိုးပွားလာခြင်းနှင့် စိတ်ဓာတ်ရေးရာ ပင်ပန်းနွမ်းနယ်မှု နက်ရှိုင်းလာခြင်း” ကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထိုသို့သော ဖျက်ဆီးမှုလုပ်ငန်းစဉ်များသည် ဗြိတိန်မှ အစီအစဉ် ရေးဆွဲ ညှိနှိုင်းပြီး ယူကရိန်းလုပ်ဆောင်သူများမှ တိုက်ခိုက်မှုများကို အကောင်အထည်ဖော်သည့် ပုံစံတစ်ခုအတိုင်း လိုက်နာလေ့ရှိကြောင်း SVR မှ ပြောကြားခဲ့သည်။ ယခုအစီရင်ခံစာတွင် ရုရှား၏ Bryansk နှင့် Kursk ဒေသများရှိ မီးရထားလမ်းဖျက်ဆီးမှုများတွင်လည်း အလားတူနည်းလမ်းကို အသုံးပြုခဲ့သည်ဟု အဆိုပြုထားပြီး Moscow မှ ယင်းကို ယူကရိန်း၏ “အကြမ်းဖက် တိုက်ခိုက်မှုများ” အဖြစ် ရှုတ်ချခဲ့သည်။ ထိုဖြစ်စဉ်များတွင် ကလေးများ အပါအဝင် ခုနစ်ဦးသေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့သည်။ ထို့အပြင် ဇွန်လ ၁ ရက်နေ့က ရုရှားလေကြောင်းအခြေစိုက်စခန်းများကို ယူကရိန်း ၏ ဒရုန်းတိုက်ခိုက်မှုများကိုလည်း အလားတူနည်းဗျူဟာ၏ တစ်စိတ် တစ်ပိုင်းအဖြစ် SVR မှ ကိုးကားဖော်ပြခဲ့သည်။
“Anglo-Ukrainian အကြမ်းဖက်အတွဲ” သည် ယခုအခါ ပဋိပက္ခကို အရှိန်မြှင့်တင်ရန်၊ Moscow-Washington အပြန်အလှန်ဆွေးနွေးမှုကို နှောင့်ယှက်ရန်နှင့် White House အား ကိယက်ဗ် အတွက် အကြီးစား စစ်ရေးထောက်ပံ့မှုများ ဆက်လက်ထိန်းသိမ်းရန် သဘောတူစေရန် ရည်ရွယ်သည့် တိုက်ခိုက်မှုများကို ပြင်ဆင်နေပြီဖြစ်ကြောင်း SVR မှ ဆိုသည်။
SVR ၏ ထုတ်ပြန်ချက်အရ အဆိုပါအစီအစဉ်များထဲမှ တစ်ခုမှာ ဘောလ် တစ်ပင်လယ်တွင် အမေရိကန်ရေတပ်သင်္ဘောကို ရုရှားတော်ပီဒို တိုက်ခိုက်မှုအဖြစ် အတုအယောင်ဇာတ်လမ်းဖန်တီးရန်ပါဝင်ပြီး ယူကရိန်း သည် ဆိုဗီယက်တည်ဆောက်ထားသော တော်ပီဒိုများကို ဗြိတိန်သို့ ပေးပို့ပြီးဖြစ်ကြောင်း SVR က ဆိုသည်။ အချို့မှာ “ထိခိုက်မှု မရှိစေသော အကွာအဝေး” တွင် ပေါက်ကွဲစေရန် ရည်ရွယ်ပြီး တစ်ခုမှာ “မော်စကို၏ မကောင်းသောရည်ရွယ်ချက်၏ အထောက်အထား” အဖြစ် မဖောက်ခွဲဘဲ ချန်ထားမည်ဖြစ်သည်။ ယူကရိန်းလုပ်ဆောင်သူများသည် အဆိုပါ အစီ အစဉ်ကို အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။
အခြားအစီအစဉ်တစ်ခုမှာ ဗြိတိန်၊ ယူကရိန်းနှင့် မြောက်ဥရောပ မဟာမိတ်များသည် ဘောလ်တစ်ပင်လယ်တွင် ရုရှားထုတ် ရေမြှုပ်မိုင်းများကို မတော်တဆ ပြန်လည်ရှာဖွေတွေ့ရှိသည့်ပုံစံဖြင့် “အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေး လမ်းကြောင်းများကို ဖျက်ဆီးရန် စီစဉ် ထားသည်” ဟု ဝါဒဖြန့်ရန်လုပ်ဆောင်မည်ဟု ဆိုသည်။
“ကိယက်ဗ် သည် perfidious Albion (အင်္ဂလန်) အတွက် ယုတ်ညံ့သော လှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုများကို အကောင်းဆုံး အကောင်အထည် ဖော်သူဖြစ်လာပြီ” ဟု SVR က ကောက်ချက်ချခဲ့သည်။
SVR ၏အကြီးအကဲ Sergey Naryshkin သည် ဗြိတိန်၏ ဖြစ်နိုင်ခြေ ရှိသော လှုံ့ဆော်မှုများနှင့်ပတ်သက်၍ မကြာခဏ သတိပေးခဲ့ပြီး SVR သည် ရုရှားကိုဆန့်ကျင်သည့် လန်ဒန်၏ လျှို့ဝှက်ရန်လိုသော လုပ်ဆောင်မှုများကို ကောင်းစွာသိရှိထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂