အိန္ဒိယက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံး အာကာသယာဉ်မှူးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်
အိန္ဒိယနိုင်ငံက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံးသော အာကာသယာဉ်မှူးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်လိုက်ကြောင်း သိရသည်။ အိန္ဒိယအာကာသယာဉ်မှူး ရှူဟန်ရှူရှူကလာ အပါအဝင် နိုင်ငံပေါင်းစုံမှ အာကာသယာဉ်မှူး လေးဦးသည် Axiom Mission 4 (Ax-4) အမည်ရှိမစ်ရှင်ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ ဇွန်လ ၂၅ ရက်တွင် ထွက်ခွာသွားခြင်းဖြစ်သည်။
အဆိုပါမစ်ရှင်ကို ဟူစတန်မြို့မှ ပုဂ္ဂလိကကုမ္ပဏီဖြစ်သော Axiom Space က NASA၊ အိန္ဒိယအာကာသ အေဂျင်စီ၊ ဥရောပအာကာသအေဂျင်စီ၊ SpaceX ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ရှူဟန်ရှူရှူကလာနှင့် အတူ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့မှ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားကာ အိန္ဒိယနိုင်ငံနည်းတူ အဆိုပါနိုင်ငံများသည်လည်း ဆယ်စုနှစ်လေးခု ကျော်ကြာပြီးနောက် အာကာသယာဉ်မှူးများကို ပထမဆုံး အကြိမ် စေလွှတ်ခြင်းဖြစ်သည်။
ယခုအာကာသခရီးစဉ်သည် ရှူကလာ အတွက် ပထမဆုံးဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော လူပါအာကာသ အစီအစဉ်အတွက် အစဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါမစ်ရှင်အရ လိုက်ပါသွားသော အာကာသယာဉ်မှူးများသည် နိုင်ငံတကာအာကာသ စခန်းတွင် ၁၄ ရက် ကြာနေထိုင်ကာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သုတေသနပေါင်း ၆၀ ကျော်ကို လေ့လာမှုများ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
MWD Web Portal