အနောက်နိုင်ငံများက အီရန်၏နျူကလီးယား အစီအစဉ်အကြောင်း မှားယွင်းစွာ ပြောဆိုခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ပြောဆို
ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Vassily Nebenzia က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ မှားယွင်းသောသတင်းများကို ဖြန့်ဝေကာ တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။
မကြာသေးမီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြား ရာတွင် ၎င်းသံတမန်က အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ကြောင်း ရှုတ်ချခဲ့ပြီး ယင်းတို့သည် ရေဒီယိုသတ္တိကြွညစ်ညမ်းမှု၏ လက်တွေ့ ခြိမ်းခြောက်မှုကို ဖန်တီးခဲ့သည်ဟု ဆိုခဲ့သည်။
Nebenzia က အီရန်တွင် စစ်ဆေးမှုများပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အစီရင်ခံစာများသည် “နျူကလီးယားလက်နက်ပျံ့နှံ့မှုအန္တရာယ်မရှိကြောင်း” သက်သေပြခဲ့သည် ဟု ထောက်ပြခဲ့သည်။
“IAEA အစီရင်ခံစာများတွင် အီရန်သည် ၎င်း၏နျူကလီးယား စုဆောင်းမှုများကို ကြေညာထားခြင်းမရှိသော သို့မဟုတ် စစ်ရေးရည်ရွယ်ချက်များအတွက် ပြောင်းလဲအသုံးပြုခြင်းနှင့်ပတ်သက်သည့် မည်သည့် အချက် အလက်မျှ မပါရှိကြောင်း” ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။
ရုရှားသံတမန် Nebenzia က အီရန်အပေါ်တိုက်ခိုက်မှုသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စည်းမျဉ်းများကို ကျော်လွန်၍ အင်အားသုံးစွဲမှုကို တရားဝင်သယောင်ဖန်တီးရန် နောက်ထပ်အားထုတ်မှု တစ်ခုသာ ဖြစ်သည်” ဟု ဝေဖန်သုံးသပ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂