ရုရှားမှ တရုတ်သို့ လျှပ်စစ်ဓာတ်အား ပေးဝေမှု ၄၄ ရာခိုင်နှုန်း ကျဆင်း

News Image

  • ရုရှားမှ တရုတ်သို့ လျှပ်စစ်ဓာတ်အား ပေးဝေမှု ၄၄ ရာခိုင်နှုန်း ကျဆင်း

ရုရှား၏ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားတင်ပို့ရေးကုမ္ပဏီ Inter RAO ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်သို့ လျှပ်စစ် ဓာတ်အား တင်ပို့မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကြီးမားစွာ ကျဆင်း သွားခဲ့သည်။ အဆိုပါကျဆင်းမှုသည် ရုရှား၏အရှေ့ဖျားဒေသတွင် လျှပ်စစ် အသုံးပြုမှု တိုးမြင့်လာခြင်းကြောင့် ပြည်တွင်း လိုအပ်ချက်များအတွက် ကန့်သတ်မှုများ ချမှတ်ရခြင်းနှင့် ဆက်စပ်နေသည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးစွဲသည့် နိုင်ငံဖြစ်ပြီး Ember Energy ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ လျှပ်စစ်လိုအပ်ချက်၏ သုံးပုံတစ်ပုံကို တရုတ်မှ အသုံးပြုခဲ့သည်။

Inter RAO ၏ CEO Sergey Drevgal က Vedomosti သတင်းစာနှင့် ပြောကြားရာတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်သို့ လျှပ်စစ် ဓာတ်အား တင်ပို့မှုမှာ ၄၄% ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် ရုရှား၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား တင်ပို့မှုမှာ ၁၇.၆% ကျဆင်းကာ ၈.၅၃ ဘီလီယံ ကီလိုဝပ်နာရီသာ ရှိခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Drevgal က အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်သို့ လျှပ်စစ်ဓာတ်အားပေးဝေမှု ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ ရုရှား၏အရှေ့ဖျားဒေသတွင် လျှပ်စစ်လိုအပ်ချက်မြင့်တက်လာခြင်းနှင့် အရှေ့ပိုင်းရှိ ရေအားလျှပ်စစ်ဆည်များတွင် ရေအရင်းအမြစ် နည်းပါးမှုတို့ကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

"လက်ရှိကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားပါက၊ ယခုနှစ်အတွက် တရုတ်သို့ လျှပ်စစ်ဓာတ်အားပေးဝေမှုမှာ ၂၀၂၄ ခုနှစ်အဆင့်ထက် ပိုမို နည်းပါးလာမည်ဟု ခန့်မှန်းရပါသည်" ဟု Drevgal က ပြောကြား ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ရုရှားမှ တရုတ်သို့ လျှပ်စစ်ဓာတ်အားပေးဝေမှုမှာ ကီလို ဝပ်နာရီ ၀.၉ ဘီလီယံသာ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်က စံချိန်တင် ၃.၁ ဘီလီယံ ကီလိုဝပ်နာရီနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားခဲ့သည်။

Inter RAO ၏ CEO Sergey Drevgal က ဆက်လက်ပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ လျှပ်စစ်ဓာတ်အား အဓိက တင်ပို့ရာ နိုင်ငံများဖြစ်သည့် ကာဇက်စတန်နှင့် မွန်ဂိုးလီးယားသို့ပေးဝေမှုမှာ မြင့်မား စွာ ဆက်ရှိနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် ၎င်းက ကာဂျစ္စတန် သို့တင်ပို့မည့် လျှပ်စစ်ပမာဏသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကာဇက်စတန်၏ ဓာတ်အားလိုင်း သယ်ဆောင် နိုင်စွမ်းအပေါ် တိုက်ရိုက်မူတည်မည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

သို့သော် ၎င်းသည် စုစုပေါင်းလျှပ်စစ်ဓာတ်အား တင်ပို့မှုပမာဏနှင့် ပတ်သက်၍ ခန့်မှန်းချက်များ မပြုလုပ်ဘဲ၊ နောက်ဆုံးရလဒ်သည် ရုရှား နှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲမှုအလေ့အထများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ လျှပ်စစ်စျေးကွက်၏ စျေးနှုန်းအတက်အကျများ၊ ငွေလဲနှုန်းနှင့် အခြားအချက်များစွာအပေါ် မူတည်နေကြောင်း ရှင်းပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂