ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်း ဆည်ထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိရေး ဇော်ဂျီရေထိန်းဆည် ရေကာ နံရံများအား ပြန်လည်ပြုပြင်
ကျောက်ဆည်၊ ဇွန်-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်းဆည်ရေထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိစေရေး ဇော်ဂျီရေထိန်းဆည် ရေကာနံရံ များအား ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ပြန်လည် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ပြန်လည်ပြုပြင်ပေးသည့်လုပ်ငန်းများမှာ ကျောက်ဆည်မြို့ဆူးကုန်းရပ်ကွက်နှင့် ကြက်မင်းတွန်ရပ်ကွက်အနီးတွင် တည်ရှိပြီး လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မေလ(၂၈) ရက်နေ့ကစတင်၍ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၂၃)သန်းဖြင့် အလျား(၄၂)ပေ၊ အကျယ်(၁.၅)ပေ၊ အမြင့်(၃.၅)ပေ အတိုင်းအတာဖြင့် ဇော်ဂျီရေထိန်းဆည်တွင် ကာရံထားသော ဝဲ/ယာ ရေကာနံရံများ မြှင့်တင်ခြင်း၊ရေထိန်းဆည်အထက်ပိုင်းပျက်စီးနေသည့် မြစ်၏ဝဲ/ယာ ကျောက်ရိုးစီ တာပေါင်များအား ပြန်လည်ပြုပြင်ပေးခြင်း များ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများ (၃၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပါက ဇော်ဂျီမြစ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်ချိန်တွင် မြစ်ရေလျှံမှုကြောင့် ဖြစ်ပွား လျက်ရှိသော ရေထိန်းဆည်၏ ရေထိန်းချုပ်ခန်း၊ မြို့ပေါ်ရပ်ကွက်များနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး တို့အား ရေဝင်ရောက်မှုမှတားဆီးကာကွယ်ပေးနိုင်သည့်အပြင် လူနေအဆောက်အဦများနှင့် ပစ္စည်းဆုံးရှုံးမှု အန္တရာယ် မှ တားဆီးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်