အိုင်အေအီးအေနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရေးဥပဒေကြမ်း အီရန်လွှတ်တော်အတည်ပြု
နယူးယောက် ဇွန် ၂၅
ကုလသမဂ္ဂနိုင်ငံတကာအဏု မြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရေးဥပဒေကြမ်းကို အီရန်လွှတ်တော်က ယနေ့တွင် အတည်ပြုခဲ့သည်။
အဆိုပါဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းရေးအတွက် အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ နောက်ဆုံးအတည်ပြုချက် ရယူရန်လိုကြောင်း အီရန် အစိုးရမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။
အစ္စရေးနိုင်ငံနှင့် ၁၂ ရက်ကြာ ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် အိုင်အေအီးအေနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရေးဥပဒေကြမ်းကို အီရန်လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အိုင်အေအီးအေက ယခုလအတွင်း အတည်ပြုခဲ့သော ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်သည် အီရန်ကို အစ္စရေးတိုက်ခိုက်ရေးအတွက် လမ်းစဖွင့်ပေးခဲ့ကြောင်း အီရန်အစိုးရက ပြောကြားထားသည်။
အိုင်အေအီးအေက အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်း၌ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် မပြန့်ပွားရေး စည်းမျဉ်းများကို ချိုးဖောက်နေ ကြောင်း ကြေညာထားသည်။
အိုင်အေအီးအေ သည် အစ္စရေးနိုင်ငံက အီရန်နျူကလီးယား အဆောက်အအုံများအား တိုက်ခိုက်ခဲ့မှုကိုလည်း ဝေဖန်ရှုတ်ချမှုမရှိခဲ့ကြောင်း အီရန်အစိုးရက ပြောကြားထားသည်။
Ref: RT
Trs: KKO
YDNB Newspaper