ဂျပန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ
ဂျပန်လေကြောင်းလိုင်း Spring Airline Japan ၏ လေယာဉ်သည် ဖိအားထိန်းစနစ် ချွတ်ယွင်းမှုကြောင့် အရေးပေါ်အခြေအနေ ကျရောက် ခဲ့ပြီး ၁၀ မိနစ် အတွင်း အမြင့်ပေ မီတာ ၈,၀၀၀ (ပေ ၂၆,၀၀၀) ကျော် ရုတ်တရက်ကျဆင်းသွားခဲ့ခြင်းကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရသည်။ ဇွန် ၃၀ တွင် ရှန်ဟိုင်းမှ တိုကျိုသို့ ပျံသန်းနေသော Spring Airlines Japan ၏ JL8696 ခရီးစဉ်သည် လေယာဉ်အတွင်း ဖိအားစနစ် ချွတ်ယွင်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၉၁ ဦး လိုက်ပါလာ ခဲ့သည်။
ဂျပန်လေကြောင်းလိုင်း (JAL) က “လေယာဉ်မှူးများသည် လေကြောင်း ထိန်းသိမ်းရေးဌာနနှင့် ဆက်သွယ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်အမြင့်ကိုထိန်းချုပ်လျှော့ချခဲ့ပြီး အိုဆာကာရှိ Kansai လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့သည်” ဟု ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
FlightRadar24 ၏ အချက်အလက်များအရ လေယာဉ်သည် ပုံမှန် ပျံသန်း အမြင့် ၁၁,၇၀၀ မီတာ တွင် ရှိနေစဉ်မှ ၁၀ မိနစ်အတွင်း ၃,၀၀၀ မီတာအထိ အလျင်အမြန်ကျဆင်းခဲ့သည်။ အဆိုပါဖြစ်စဉ်မှ လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Boeing 737-800 ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ဒဏ်ရာရသူမရှိသော်လည်း လေယာဉ်ရုတ်တရက် အမြင့်ကျဆင်းပြီး အောက်ဆီဂျင်မျက်နှာဖုံးများ ထွက်လာချိန်တွင် ခရီးသည်များ အလွန်အမင်းထိတ်လန့်ခဲ့ကြသည်ဟု ဆိုသည်။
ခရီးသည်တစ်ဦးက “ကျွန်တော့်ဝိညာဉ်ပျောက်သွားသလိုခံစားရပြီး ခြေထောက် တွေတုန်နေခဲ့တယ်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ အရာအားလုံး က အသေးအဖွဲပဲ” ဟု ပြန်လည်ပြောပြခဲ့သည်။
အချို့ခရီးသည်များသည် အလွန်ကြောက်ရွံ့ခဲ့ကြပြီး တစ်ဦးက “ငိုချင်လောက်အောင် လန့်သွားပြီး မိသားစုအတွက် အာမခံအချက်အလက်နှင့် ဘဏ် PIN ကုဒ်တွေကို မှတ်တမ်းရေးခဲ့တယ်” ဟု ဆိုသည်။
ဆင်းသက်ပြီးနောက် တစ်နာရီကျော်ကြာအောင် လေယာဉ်ပေါ်တွင် ထိုင်ခိုင်းခံရသည်ဟု ခရီးသည်များက ပြောဆိုခဲ့ပြီး လေကြောင်းလိုင်းက ခရီးသည်တစ်ဦးလျှင် ယန်း ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၄ ဒေါ်လာ)နှင့် တည်းခိုနေထိုင်ရေးအဆင်ပြေရန်အတွက် ပံ့ပိုးပေးရန် သဘောတူညီ ခဲ့သည်။
ဇူလိုင် ၁ ရက်တွင် Spring Airlines Japan က လေယာဉ်၏ နည်းစနစ်ပိုင်း အားနည်းချက်များ စစ်ဆေးရန် ရှန်ဟိုင်း-တိုကျို ခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ JAL သည် ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသော်လည်း နောက်ထပ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂