ယခုနှစ်အတွင်း Microsoft ကုမ္ပဏီအနေဖြင့် ဝန်ထမ်း ၉,၀၀၀ ခန့်ကို ဒုတိယအကြိမ် ထုတ်ပယ်မည်
အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft ကုမ္ပဏီက ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဝန်ထမ်း ၉,၀၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်မည်ဟု ကြေညာလိုက်သည်။ ကုမ္ပဏီအနေဖြင့် ဉာဏ်ရည်တု (AI) နည်းပညာဖွံ့ဖြိုးရေးနှင့် လုပ်ငန်းလည်ပတ်ရာတွင် ပိုမိုထိရောက်စေရေး အဓိကထားဆောင်ရွက်နေသည်ဟု ယူဆရသည်။
Microsoft ကုမ္ပဏီက ကုမ္ပဏီ စုစုပေါင်းဝန်ထမ်းအင်အား၏ ၄% နီးပါး (ခန့်မှန်းခြေ ၉,၀၀၀) ကို လျှော့ချမည်ဖြစ်ကြောင်း ဇူလိုင် ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ Microsoft တွင် ဝန်ထမ်းအင်အား ၂၂၈,၀၀၀ ခန့်ရှိခဲ့သည်။
ပထမအကြိမ်ဝန်ထမ်းအင်အားလျှော့ချမှုကို ပြီးခဲ့သည့် မေလတွင် ပြုလုပ် ခဲ့ပြီး ဝန်ထမ်း အင်အား ၆,၀၀၀ ခန့်အား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဝန်ထမ်းအင်အား လျှော့ချခြင်းဖြင့် လုပ်ငန်းလည်ပတ် ရာတွင် ပိုမိုထိရောက်မှုရှိပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ကြောင်း Microsoft က ပြောကြားထားသည်။
အလျင်အမြန် တိုးတက်ပြောင်းလဲနေသော ဈေးကွက်တွင် ကုမ္ပဏီ အနေဖြင့် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် လိုအပ်သော ဝန်ထမ်း ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲများကို ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
Microsoft အနေဖြင့် AI ဖွံ့ဖြိုးရေးနှင့်ဆက်စပ်သော ကုန်ကျစရိတ်များ တိုးလာနေခြင်းကြောင့် ၎င်း၏အရင်းအမြစ်များကို အဓိကကျသည့် နေရာ များတွင် အသုံးပြုရန် လိုအပ်နေကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြကြသည်။ ထို့ပြင် AI ကိရိယာများအား အသုံးပြုခြင်းဖြင့် လုပ်ငန်း လည်ပတ်မှု ပိုမိုထိရောက်လာသည့်အတွက် ယခုလိုဝန်ထမ်း အင်အား လျှော့ချသည့်အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ထားသည်။
ကိုးကား -NHK
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃