ဂျာမန်မြို့တစ်ခုက ရုရှားရေနံကို ပြန်လည်ရရှိလိုကြောင်း Politico သတင်းဌာန ဖော်ပြ

News Image

  • ဂျာမန်မြို့တစ်ခုက ရုရှားရေနံကို ပြန်လည်ရရှိလိုကြောင်း Politico သတင်းဌာန ဖော်ပြ

ဂျာမနီနိုင်ငံရှိ Schwedt မြို့အာဏာပိုင်များသည် ရုရှားရေနံပိတ်ဆို့မှု များကို ရုတ်သိမ်းပေးရန် တောင်းဆိုလျက်ရှိကြောင်း Politico သတင်း ဌာနက သောကြာနေ့ (ဇူလိုင် ၆) တွင် ထုတ်ပြန်ခဲ့သည်။ ဒေသခံ အာဏာပိုင်များ၏ ပြောကြားချက်အရ ရုရှားရေနံဖြန့်ဝေမှုအပေါ် မှီခို နေရသော ဒေသခံရေနံချက်စက်ရုံတွင် ပြဿနာများ တိုးပွားလာလျက် ရှိသည်ဟု ဆိုသည်။

အဆိုပါသတင်းတွင် ဂျာမနီ၏ စတုတ္ထအကြီးဆုံး ရေနံချက်စက်ရုံ ဖြစ်သော Schwedt PCK အကြောင်း အဓိကထားဖော်ပြထားသည်။ ယင်းစက်ရုံ၏ အဓိကပိုင်ရှင်မှာ ရုရှား Rosneft ကုမ္ပဏီဖြစ်ပြီး ဘာလင် တွင်အသုံးပြုလျက်ရှိသော ရေနံ၏ ၉၀% ကျော်ကို ထောက်ပံ့ပေးနေသည်။ ၂၀၂၂ ခုနှစ်တွင် EU ၏ ပိတ်ဆို့မှုများကြောင့် ရုရှားက ပိုလန်နှင့် ဂျာမနီသို့ ပိုက်လိုင်းဖြင့် ရေနံပို့ဆောင်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ယင်းစက်ရုံသည် ရုရှားရေနံအရင်းအမြစ်များကို ဆုံးရှုံးခဲ့ရသည်။

စက်ရုံလုပ်ငန်းကောင်စီဥက္ကဋ္ဌ Danny Ruthenberg က အခြားရေနံ ထောက်ပံ့မှုများသို့ ပြောင်းလဲအသုံးပြုသော်လည်း စက်ရုံသည် အပြည့်အဝ လည်ပတ်မှုစွမ်းရည်သို့ မပြန်ရောက်ရှိသေးဘဲ လက်ရှိတွင် ၈၀% သာ လည်ပတ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် စက်ရုံ၏ လည်ပတ် စရိတ်များ ပုံသေကုန်ကျနေပြီး ယခုအခြေအနေတွင်ဆက်ရှိနေပါက အလုပ်သမားများအား အလုပ်မှထုတ်ပယ်ရန် မလွှဲမရှောင်သာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Schwedt မြို့တော်ဝန် Annekathrin Hoppe က Politico သို့ ပြောကြား ရာတွင် အဆိုပါရေနံချက်စက်ရုံ၏ ပြဿနာများသည် မြို့တစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း၊ Schwedt မြို့နေ လူဦးရေ ၃၀,၀၀၀ ၏ ၂၀% ခန့်သည် ယင်းစက်ရုံပေါ်တွင် အသက်မွေးဝမ်းကျောင်းမှုအတွက် မှီခို နေရကြောင်း ဖော်ပြခဲ့သည်။

ပိတ်ဆို့မှုများနှင့် ၂၀၂၄ ဇန်နဝါရီတွင် ယူကရိန်းက အဓိက ဓာတ်ငွေ့ ဖလှယ်ရေးသဘောတူညီချက်ကို သက်တမ်းမတိုးခြင်းကြောင့် ရုရှား၏ EU သို့စွမ်းအင်တင်ပို့မှုမှာ သိသိသာသာကျဆင်းခဲ့သည်။ ဘရပ်ဆဲလ် သည် ၂၀၂၈ မတိုင်မီ ရုရှားစွမ်းအင်တင်သွင်းမှုလုံးဝရပ်စဲရန် ဖိအားပေး လျက်ရှိသော်လည်း ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီကဲ့သို့နိုင်ငံများက ကန့်ကွက်နေသည်။

အထူးသဖြင့် ယခုနှစ်အစောပိုင်းက မော်စကိုနှင့် ကိယက်ဗ်တို့ ငြိမ်းချမ်းရေးညှိနှိုင်းမှုပြန်စချိန်မှစ၍ EU အတွင်းရှိ ကျွမ်းကျင်သူများနှင့် အတိုက်အခံပါတီများက ရုရှားမှ စွမ်းအင်ပြန်လည်ဝယ်ယူရန် တောင်းဆို လျက်ရှိသည်။

ဘရပ်ဆဲလ်ရှိ အရင်းအမြစ်များက Politico သို့ ထုတ်ဖော် ပြောကြားချက် အရ ဂျာမနီက ရုရှားစွမ်းအင်ဆိုင်ရာ မူဝါဒကို ပြန်လည်ပြင်ဆင်ပါက အီတလီ၊ ဩစတြီးယား၊ ဘူဂေးရီးယားနှင့် ချက်သမ္မတ နိုင်ငံတို့ ကဲ့သို့သော အခြား EU နိုင်ငံများလည်း လိုက်လံဆောင်ရွက်နိုင်သည်ဟု သိရသည်။

မော်စကိုမှ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို တရားမဝင်ဘဲ ကိုယ်တိုင် အရှုံးပေးရာရောက်သည်ဟု ထပ်ခါတလဲလဲ ရှုတ်ချခဲ့ပြီး အထူးသဖြင့် ၂၀၂၂ ခုနှစ်က ရုရှားအပေါ် ပထမဆုံးချမှတ်ခဲ့သော စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှု များ နောက်ပိုင်း EU တွင် စျေးနှုန်းများ ခုန်တက်မှုကို ညွှန်ပြခဲ့သည်။ ရုရှားအရာရှိများက EU ၏ ထောက်ပံ့မှုငြင်းပယ်ခြင်းသည် ပိုမိုစျေး ကြီးသော အခြားရွေးချယ်စရာများကို အားကိုးရမည် သို့မဟုတ် ကြားခံ များမှတစ်ဆင့် ရုရှားထုတ်ကုန်များကို သွယ်ဝိုက်တင်သွင်းရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂