နှစ်စဉ်ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံတွင် စတင်ကျင်းပလျက်ရှိ

News Image

  • နှစ်စဉ်ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံတွင် စတင်ကျင်းပလျက်ရှိ

BRICS ၏ ၁၇ ကြိမ်မြောက် နှစ်စဉ်ထိပ်သီးအစည်းအဝေးကို လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါဆွေးနွေးပွဲတွင် ကမ္ဘာ့ဖွံ့ဖြိုးရေးနှင့်အုပ်ချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာမူဝါဒများနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

တရားဝင်တက်ရောက်သူစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဘရာဇီးအရာရှိများက အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံ ၃၇ နိုင်ငံမှ လူ ၄,၀၀၀ ကျော် တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလီးယားအစိုးရက ယခုနှစ်အတွက် ဦးစားပေးဆောင်ရွက်ရမည့် အချက် ၆ ချက်ကို သတ်မှတ်ထားသည်။ ၎င်းတို့မှာ -

(၁) ကမ္ဘာ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု

(၂) ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ

(၃) ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများ

(၄) AI အုပ်ချုပ်ရေး

(၅) ဘက်ပေါင်းစုံငြိမ်းချမ်းရေးနှင့်လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေး

(၆) BRICS အဖွဲ့အတွင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ်သည်။

ရီယိုဒီဂျနေးရိုးမြို့တော်ဝန် Eduardo Cavalieri က မြို့တော်အနေဖြင့် BRICS ၏ အမြဲတမ်း ရုံးချုပ်ကို လက်ခံဖွင့်လှစ်ရန် တရားဝင် ကမ်းလှမ်းထားကြောင်း ယခင်ကပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ရုရှားကိုယ်စား တက်ရောက်မည်ဖြစ်ပြီး သမ္မတ Vladimir Putin သည် Video Conferencing စနစ်ဖြင့် အစည်းအဝေး၏ အထွေထွေဆွေးနွေးပွဲသို့ ပါဝင်မည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဘဲ ၁၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပျက်ကွက်မည် ဖြစ်ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးချုပ် Li Qiang က ဦးဆောင် မည်ဖြစ်သည်။ အီဂျစ်သမ္မတ Abdel Fattah el-Sisi သည်လည်း အဆိုပါ အစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် တောင်အာဖရိကသမ္မတ Cyril Ramaphosa တို့ ဘရာဇီးသို့ ရောက်ရှိနေပြီဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres လည်း တက်ရောက်မည်ဟု မျှော်လင့်ရသည်။

BRICS ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တောင်အာဖရိကမှ ၂၀၁၁ ခုနှစ်တွင် ပူးပေါင်း ခဲ့သည်။ ၂၀၂၄ ခုနှစ် အတွင်းတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ UAE နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်လာခဲ့သည်။ ယခု အခါ အဆိုပါအဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးနှင့် ဝယ်ယူ နိုင်စွမ်းအား တန်းတူညီမျှမှုအရ ကမ္ဘာ့ GDP ၏ ၄၀% ခန့်ကို ကိုယ်စားပြု ထားပြီး G7 ကို ကျော်လွန်နေပြီဖြစ်သည်။ ရုရှားနိုင်ငံ Kazan မြို့တွင် ယမန်နှစ် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း ၃၀ ကျော်မှ အဖွဲ့ဝင် များ၏ စိတ်ဝင်စားမှုကို တုံ့ပြန်သည့်အနေဖြင့် အဖွဲ့သည် “မိတ်ဖက်နိုင်ငံ” အဆင့်အတန်းသစ်ကို အတည်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂