စင်ကာပူစားသောက်ဆိုင်တစ်ခု ချောင်ယွန်ဖတ်ကြောင့် အရှုံးပေါ်နေမှုမှ လွတ်မြောက်ခဲ့

News Image

  • စင်ကာပူစားသောက်ဆိုင်တစ်ခု ချောင်ယွန်ဖတ်ကြောင့် အရှုံးပေါ်နေမှုမှ လွတ်မြောက်ခဲ့

စင်ကာပူရှိ ဝက်သားစွပ်ပြုတ်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်က ချောင်ယွန်ဖတ် လာရောက် စားသောက်သည့်အတွက် ၎င်း၏မိသားစုသည် ဆုံးရှုံးမှုများမှ လွတ်မြောက်ခဲ့သည်ဟု ဆိုပါသည်။ Zaobao သတင်းစာ၏ ဖော်ပြချက် အရ ဟောင်ကောင်သရုပ်ဆောင် ချောင်ယွန်ဖတ်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် စင်ကာပူ၌ကျင်းပမည့် Star Awards 2025 ကို တက်ရောက်ရန် ရောက်ရှိလာခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ၎င်းနှင့်၎င်း၏ ဇနီးတို့သည် South Bridge Road ရှိ ဝက်သားစွပ်ပြုတ်ဆိုင်တစ်ဆိုင်ကို သွားရောက်စားသောက်ခဲ့သည်။ ဆိုင်ပိုင်ရှင် Thai Thuy Thuy က ချောင်ယွန်ဖတ်ကို ၎င်းတို့မိသားစု၏ ကျေးဇူးရှင်အဖြစ် မှတ်ယူထား ပါသည်။

Thai Thuy Thuy ၏ ဖခင်သည် ပထမဆုံး ဝက်သားစွပ်ပြုတ်ဆိုင်ကို ဖွင့်လှစ်ခဲ့သော်လည်း အစပိုင်းတွင် ရောင်းအားမကောင်းဘဲ တစ်နေ့လျှင် အနည်းငယ်သာ ရောင်းချနိုင်ခဲ့သည်။ ချောင်ယွန်ဖတ်သည် ယခင်က သူမ၏ ဖခင်ဆိုင်တွင် လာရောက်စားသောက်လေ့ရှိပြီး နောက်ပိုင်းတွင် ဒါရိုက်တာ အန်းလီကိုပါ ထိုဆိုင်သို့ လာရောက်စားသောက်ရန် ဖိတ်ခေါ် ခဲ့သည်။ ထို့အပြင် ၎င်း၏မိတ်ဆွေအချို့ စင်ကာပူသို့ လာရောက်သည့် အခါတိုင်း အဆိုပါဆိုင်ကို မိတ်ဆက်ပေးလေ့ရှိခဲ့သည်။

ချောင်ယွန်ဖတ်က Thai Thuy Thuy ကို သူမ၏ဖခင် အခြေအနေနှင့် ဆိုင်လုပ်ငန်းတိုးတက်မှု အခြေအနေများကို မေးမြန်းခဲ့သည်။ သူမတို့ မိသားစုသည် ဆိုင်အသစ်ဖွင့်လှစ်နိုင်သည့်အပြင် ဘိုးဘွားများ၏ ချက်ပြုတ် နည်းလျှို့ဝှက်ချက်များကို ဆက်ခံနိုင်ခြင်းကြောင့် တိုးပွားလာခဲ့သဖြင့် ချောင်ယွန်ဖတ်က သူမတို့မိသားစုအတွက် အထူးဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့သည်။

ဇူလိုင် ၃ ရက်နေ့က ချောင်ယွန်ဖတ်နှင့် ဇနီး လာရောက် စားသောက် ပြီးနောက် သူမတို့မိသားစု၏ ဆိုင်သုံးဆိုင်စလုံးတွင် ပုံမှန်ရက်များထက် ဖောက်သည်အရေအတွက် ၃၀% ကျော် တိုးတက်လာခဲ့သည်ဟု ဆိုသည်။

ယခုနှစ်တွင် အသက် ၇၀ ရှိပြီဖြစ်သည့် ချောင်ယွန်ဖတ်သည် သရုပ်ဆောင်မှု ကို လျှော့ချလိုက်ကာ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ရေငုပ်ခြင်းတို့တွင် အချိန်ကုန်ဆုံးနေစေပြီး ခြေဖဝါးနှိပ်နယ်ကုထုံး၊ နှိပ်နယ် ကုသနည်းနှင့် အားကစားပြုလုပ်စဉ် ထိခိုက်ဒဏ်ရာရမှု ပြုစုနည်းများကို လေ့လာနေကြောင်း သိရှိရပါသည်။

၎င်း၏ နှစ် ၅၀ ကြာ အနုပညာလမ်းကြောင်းတွင် The Net ၊ Shanghai Bund ၊ The Yang Famil ၊ The Legend of Fuyao ၊ Crouching Tiger, Hidden Drago နှင့် God of Gamblers တို့ကဲ့သို့သော ဇာတ်လမ်းများ တွင် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် ချောင်ယွန်ဖတ် သည် Detective Chinatown 1900 ဇာတ်ကားကို အမေရိကန်တွင် ရုံတင်ခဲ့ပြီး ဤသည်မှာ ၎င်း၏ လွန်ခဲ့သော ၅ နှစ်အတွင်း ပါဝင်ခဲ့သည့် ရှားရှားပါးပါး ရုပ်ရှင်ဇာတ်ကားတစ်ကားပင် ဖြစ်ပါသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂