ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ ပြန်လည် ပေးအပ်ရေးကို ရွှေ့ဆိုင်း
ထိုင်းနိုင်ငံက ကမ္ဘောဒီးယားသို့ ရှေးဟောင်းပစ္စည်း ၂၀ ပြန်လည် ပေးအပ်ရေးကို ဘဏ္ဍာရေးအခက်အခဲကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး ဖနွမ်းပင်အစိုးရက ပြန်လည်ပို့ဆောင်ရန် ကုန်ကျစရိတ်ကို ကျခံမည် ဖြစ်ကြောင်း တုံ့ပြန်ကြေညာခဲ့သည်။
ထိုင်းယဉ်ကျေးမှုဝန်ကြီး ပေထုန်တန် ရှင်နာဝပ်ထရာက မကြာသေးမီက ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းခံခဲ့ရပြီးနောက် ဘဏ္ဍာရေးအခက်အခဲကို အကြောင်းပြကာ ထိုင်းမှ ကမ္ဘောဒီးယားသို့ ရှေးဟောင်းပစ္စည်း ၂၀ ပြန်လည်ပေးအပ်ရေးလုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
“ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးအပ်ရေးသည် အရေးတကြီးကိစ္စ မဟုတ်ဘဲ အစိုးရဗဟိုဘတ်ဂျက်မှ ရန်ပုံငွေမရရှိသေးပါ” ဟု ပေထုန်တန် က ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေချိန်တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက် ပေထုန်တန်၏ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ “နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ထည့်သွင်း စဉ်းစားကာ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းပစ္စည်းများ လွှဲပြောင်း ပေးအပ်ရေး လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် အကြံပြုထားပါသည်” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး Phoerng Sackona က ဇူလိုင် ၇ ရက်နေ့တွင် ပေထုန်တန်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ဖနွမ်းပင် အစိုးရ အနေဖြင့် ရှေးဟောင်းပစ္စည်း ၂၀ ကို ကမ္ဘောဒီးယားသို့ ပြန်လည် ပို့ဆောင်ရန် ကုန်ကျစရိတ်ကို ကျခံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်းက ဧပြီလတွင် နှစ်နိုင်ငံသဘောတူညီခဲ့သည့် စာချုပ်ပါ အချိန်ကာလများကို ထိုင်းနိုင်ငံအနေဖြင့် လေးစားလိုက်နာရန် တိုက်တွန်း ခဲ့သည်။
စာချုပ်အရ နှစ်နိုင်ငံသည် ရှေးဟောင်းပစ္စည်း ၂၀ ကို ဇူလိုင်လတွင် ဘန်ကောက်မြို့၌ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကျင်းပရန်စီစဉ်ထားပြီး ဩဂုတ်လတွင် ပို့ဆောင်ရေးလုပ်ငန်းစဉ် စတင်မည် ဖြစ်သည်။ သို့သော် ယခုအခါ အဆိုပါလွှဲပြောင်းပေးအပ်မှု အခမ်းအနား ကို အချိန်မသတ်မှတ်ဘဲ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။
အဆိုပါရှေးဟောင်းပစ္စည်း ၂၀ သည် ၁၉၉၉ ခုနှစ်က ထိုင်းသို့ တရားမဝင် ခိုးယူခံခဲ့ရသည့် ကမ္ဘောဒီးယား၏ ခမာရှေးဟောင်းပစ္စည်း ၄၃ ခုအနက် ကျန်ရှိနေသေးသည့် အပိုင်းဖြစ်သည်။ ၂၀၀၈ နှင့် ၂၀၁၅ ခုနှစ်များတွင် ရှေးဟောင်းပစ္စည်း ၂၃ ခုကို ကမ္ဘောဒီးယားသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂