မလေးရှားနိုင်ငံတွင် အမှန်တကယ်မရှိသော ခရီးသွားနေရာကို AI ဖြင့် ဖန်တီးကာ ခရီးသွားဧည့်သည်များကို လှည့်စားခဲ့
ကွာလာလမ်ပူမှ စုံတွဲတစ်တွဲသည် AI ဖြင့်ဖန်တီးထားသော ဗီဒီယိုတစ်ခုမှ ခရီးသွားနေရာကို သွားရောက်ရန် ကီလိုမီတာ ၃၀၀ ကျော် ခရီး နှင်ခဲ့သော်လည်း ရောက်ရှိချိန်တွင် ၎င်းနေရာ မရှိကြောင်း သိရှိခဲ့ရသည်။
ကွာလာလမ်ပူမှ သက်ကြီး စုံတွဲတစ်တွဲသည် မြောက်ပိုင်း ပီရက် ပြည်နယ်၊ ဂါရိတ်မြို့ရှိ Kuak Hulu ကျေးရွာသို့ လာရောက်ခဲ့ခြင်းမှာ လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ခဲ့သည့် Cable Car ကို လိုက်ပါစီးနင်းပြီး ပတ်ဝန်းကျင် အလှအပကို ကြည့်ရှုရန်ဖြစ်သည်။ သို့သော် ဟိုတယ်တွင် ဆိုက်ရောက်ပြီး ဝန်ထမ်းများထံ လမ်းညွှန်မေးမြန်းစဉ် ၎င်းဗီဒီယိုသည် AI ဖြင့်ဖန်တီးထားပြီး အဆိုပါခရီးသွားနေရာ မရှိကြောင်း သိရှိခဲ့ရသည်။
ဗီဒီယိုသည် သုံးမိနစ်နီးပါးကြာပြီး TV Rakyat ၏ အမျိုးသမီး သတင်း ထောက်တစ်ဦးက Cable Car အကြောင်း မိတ်ဆက်ကာ ထိုင်းခရီးသွား အချို့နှင့် တွေ့ဆုံမေးမြန်းသည့်အပြင်၊ ခရီးသွားများ လက်မှတ် ဝယ်ယူ စီတန်းနေပုံများကို ပြသထားသည်။ ဗီဒီယို၏ ကျန်အပိုင်းတွင် Cable Car သည် ထင်းရှူးတောများ၊ စမ်းချောင်းများနှင့် လွှတ်ကျောင်းထားသော သမင်များကြားမှ ဖြတ်သန်းသွားပုံကို ပြသထားပြီး၊ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ကဒါပြည်နယ်ရှိ Mount Baling ခြေရင်းအနီးတွင် အဆုံးသတ်ထားသည်။
“ခရီးသွား ဧည့်သည်တွေကို အဆိုပါဗီဒီယိုက AI ဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး ထိုနေရာနှင့် သတင်းထောက်အမျိုးသမီးသည် အစစ်အမှန် မဟုတ် ဆိုသည်ကို ရှင်းပြခဲ့ရပါသည်” ဟု ဟိုတယ်ဝန်ထမ်းက ပြောကြားခဲ့ပြီး စုံတွဲနှစ်တွဲသည် လွန်စွာမကျေမနပ်ဖြစ်ကာ အဆိုပါ TV ချန်နယ်နောက်ကွယ် မှ ပုဂ္ဂိုလ်ကို တရားစွဲရန် စဉ်းစားနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဟိုတယ်ဝန်ထမ်းများက အဆိုပါစုံတွဲနှစ်တွဲသည် ထွက်ခွာမည့်အချိန်တွင် မိမိတို့၏သားသမီးများနှင့် တိုင်ပင်ခြင်းမရှိဘဲ မိမိသဘောဆန္ဒအလျောက် ထွက်ခွာလာခဲ့ကြသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်ကို ဇွန်လ ၃၀ ရက်နေ့တွင် Threads တွင် မျှဝေခဲ့ပြီး မလေးရှားတစ်ဝှမ်း ပျံ့နှံ့သွားခဲ့သည်။ ပို့စ်တင်သူကလည်း မိဘများ သွားရောက်လည်ပတ်မည့်နေရာများကို ခရီးမထွက်မီ စစ်ဆေးကြရန် လူများကို တိုက်တွန်းခဲ့သည်။ ဒေသခံရဲများကလည်း ခရီးသွားဗီဒီယိုများ သို့မဟုတ် အလားတူအွန်လိုင်းအကြောင်းအရာများကို ကြည့်ရှုသည့်အခါ သတိထားပြီး အချက်အလက်များကို အတည်ပြုစစ်ဆေးရန် အကြံပြု ခဲ့သည်။
“ပြည်သူများအနေဖြင့် အတည်မပြုရသေးသော ပျံ့နှံ့နေသည့် အကြောင်းအရာများကို ယုံကြည်မှုမပြုသင့်ပါ ၊ AI ဖြင့်ဖန်တီးထားသော မီဒီယာခေတ် တွင် မှားယွင်းသောသတင်းအချက်အလက်များသည် အလွယ်တကူ ပျံ့နှံ့ကာ အထိတ်တလန့်ဖြစ်စေနိုင်သည်” ဟု Mount Baling ရဲတပ်ဖွဲ့မှူး Ahmad Salimi Md Ali က သတိပေးပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂