ဆည်တည်ဆောက်မှုများကြောင့် ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျားလာနေ
၁၈၃၅ ခုနှစ်မှစတင်၍ ဆည်များတည်ဆောက်မှုကြောင့် ရေလှောင်ကန် များအတွင်းရှိ ဧရာမရေထုထည်များက ကမ္ဘာ့ဝင်ရိုးစွန်းများကို ယိုင်နဲ့ စေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
Live Science ၏ ဖော်ပြချက်အရ Geophysical Research Letters ဂျာနယ်တွင် ဖော်ပြထားသော အဆိုပါလေ့လာမှုတွင် ဆည်များတွင် ကြီးမားသည့် ရေပမာဏ သိုလှောင်ထားမှုကြောင့် ကမ္ဘာ့ဒြပ်ထုပြန်လည် ဖြန့်ဖြူးမှု ပြောင်းလဲသွားကာ ကမ္ဘာ့အပေါ်ယံလွှာ (crust) နှင့် ဆက်စပ် အလွှာ (mantle) တို့၏ တည်နေရာကို ရွေ့လျားစေသည်ဟု သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိခဲ့သည်။
အမေရိကန်၊ ဟားဗတ်တက္ကသိုလ်ရှိ ကမ္ဘာနှင့် အာကသဆိုင်ရာသိပ္ပံဌာနမှ သုတေသနအဖွဲ့က “ကမ္ဘာ့အတွင်းပိုင်း သို့မဟုတ် မျက်နှာပြင်ပေါ်ရှိ ဒြပ်ထုများ ရွေ့လျားပါက လည်ပတ်ဝင်ရိုး၏ ဦးတည်ချက်သည် ကမ္ဘာ့ အပေါ်ယံလွှာ (crust) နှင့် ဆက်စပ် ပြောင်းလဲနိုင်ပြီး ထိုဖြစ်စဉ်ကို 'ဝင်ရိုးစွန်းရွေ့လျားမှု' (polar drift) ဟုခေါ်သည်” ဟု ရှင်းပြခဲ့သည်။
သိပ္ပံပညာရှင်များသည် ၁၈၃၅ မှ ၂၀၁၁ ခုနှစ်အတွင်း တည်ဆောက် ခဲ့သည့် ဆည် ၆,၈၆၂ ခု၏ သက်ရောက်မှုကို တွက်ချက်ခဲ့ရာ ထိုဆည် များမှ သိုလှောင်ထားသော ရေပမာဏသည် အမေရိကန် Grand Canyon ကို နှစ်ကြိမ်ဖြည့်နိုင်ပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၂၃ မီလီမီတာ ကျဆင်းစေကာ ကမ္ဘာ့ဝင်ရိုးစွန်းများ စုစုပေါင်း ၁.၁ မီတာ ရွေ့လျားစေကြောင်း တွေ့ရှိခဲ့သည်။
“ဆည်များတွင် ရေသိုလှောင်ခြင်းသည် သမုဒ္ဒရာမှ ရေထုကို လျော့နည်းစေပြီး ကမ္ဘာတစ်ဝှမ်းရှိ ဒြပ်ထုဖြန့်ဖြူးမှုကို ပြောင်းလဲစေသည်” ဟု ဟားဗတ်တက္ကသိုလ်မှ ဘူမိဗေဒနှင့် အာကာသဆိုင်ရာသိပ္ပံပညာရှင် Natasha Valencic က ရှင်းပြခဲ့သည်။
ကွန်ပျူတာမော်ဒယ်များအရ ဝင်ရိုးစွန်းရွေ့လျားမှု အဆင့်နှစ်ခုကို ဖော်ထုတ် နိုင်ခဲ့သည်။ ပထမအဆင့် (၁၈၃၅-၁၉၅၄) တွင် မြောက်အမေရိက နှင့် ဥရောပရှိ ဆည်ကြီးများ တည်ဆောက်မှုကြောင့် မြောက်ဝင်ရိုးစွန်းသည် ၁၀၃°အရှေ့လောင်ဂျီကျူ (ရုရှား၊ မွန်ဂိုလီးယား၊ တရုတ်ဖြတ်သန်းသော မျဉ်း) တစ်လျှောက် ၂၀ စင်တီမီတာ ရွေ့လျားခဲ့သည်။
ဒုတိယအဆင့် (၁၉၅၄-၂၀၁၁) တွင် အရှေ့အာဖရိက နှင့် အာရှရှိ ဆည်များကြောင့် မြောက်ဝင်ရိုးစွန်းသည် ၁၁၇°အနောက်လောင်ဂျီကျူ (မြောက် အမေရိကအနောက်ပိုင်း နှင့် တောင်ပစိဖိတ်) သို့ ၅၇ စင်တီမီတာ ရွေ့လျား ခဲ့သည်။ အဆိုပါရွေ့လျားမှုသည် ဖြောင့်တန်းခြင်းမရှိဘဲ ဇစ်ဇက်မျဉ်းကွေး မျှသာ ဖြစ်ပြီး စုစုပေါင်း ၁.၁ မီတာအထိ ဖြစ်ခဲ့သည်။
သိပ္ပံပညာရှင်များက ရေထုကြီးမားစွာ ရွေ့လျားမှုသည် ဝင်ရိုးစွန်းများကို ရွေ့စေနိုင်ကြောင်း အထောက်အထားပြခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လက ထုတ်ဝေသော လေ့လာမှုတစ်ခုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲ များ အရည်ပျော်ခြင်းသည် ယခုရာစုနှစ်ကုန်တွင် ဝင်ရိုးစွန်းများကို ၂၇ မီတာအထိ ရွေ့စေနိုင်သည်ဟု ခန့်မှန်းထားသည်။
(မှတ်ချက်။ Grand Canyon သည် အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး ချောက်ကြီး တစ်ခုဖြစ်ပြီး အရွယ်အစားအားဖြင့် အလျား ၄၄၆ ကီလိုမီတာ (၂၇၇ မိုင်)၊ အနံ ၂၉ ကီလိုမီတာ (အကျယ်ဆုံးနေရာ)၊ အနက် ၁.၈ ကီလိုမီတာ (၁ မိုင် နီးပါး)ရှိသည်။)
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂