Air India မှ ခရီးသည်တင်လေယာဉ်ပျက်ကျရမှုက အင်ဂျင်သို့ လောင်စာဆီပေးပိုက်လိုင်း ထိန်းချုပ်ခလုတ်များ ပိတ်ခြင်းကြောင့်ဖြစ်
Air India လေကြောင်းလိုင်းမှ မကြာသေးမီက ပျက်ကျသွားသော ခရီးသည်တင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းသည် အင်ဂျင်များသို့ လောင်စာဆီပေး ပိုက်လိုင်းများကို ထိန်းချုပ်သည့်ခလုတ်များ ပိတ်သွားရခြင်းကြောင့်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံလေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗျူရိုက ဇူလိုင်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။
အဆိုပါလေယာဉ်သည် ပြေးလမ်းမှပျံတက်ပြီးမကြာမီ လေယာဉ်အင်ဂျင်နှစ်လုံးဆီသို့ လောင်စာဆီပေးပိုက်လိုင်းများကို ထိန်းချုပ်သည့်ခလုတ်များမှာ ပိတ်သွားကြောင်း၊ လေယာဉ်မှူးတစ်ဦးက အခြားလေယာဉ်မှူးတစ်ဦးကို မည်သည့်အတွက်ကြောင့် ထိုခလုတ်များကို ပိတ်လိုက်ကြောင်းမေးရာ အမေးခံရသူလေယာဉ်မှူးက ၎င်းအနေဖြင့် ခလုတ်များကိုမပိတ်ကြောင်း ပြန်ဖြေသည်ဟု လေယာဉ်မှူးအခန်း အသံဖမ်းကိရိယာက ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့နောက် လေယာဉ်မှူးများက ယင်းခလုတ်များကိုပြန်ဖွင့်ခဲ့ရာ အင်ဂျင်အမှတ် ၁ က ပြန်လည်ပတ်သော်လည်း အင်ဂျင်အမှတ် ၂ မှာပြန်မလည်လာတော့ကြောင်း၊ ယခုတွေ့ရှိချက်များသည် အနာဂတ်တွင် လုပ်ဆောင်မည့် စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်သော အဓိကအချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ဇွန်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ အမီဒါဘတ်မြို့မှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ပျံသန်းသည့် Boeing 787-8 လေယာဉ် သည် ပြေးလမ်းမှ ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျသွားခြင်းကြောင့် လေယာဉ် ပေါ်လိုက်ပါလာသူ ၂၄၁ ဦးနှင့် မြေပြင်တွင် ရှိသူ ၁၉ ဦးတို့ သေဆုံးကြောင်း သိရသည်။
MWD Web Portal