စင်္ကာပူမှ Workshop ပိုင်ရှင်တစ်ဦး မော်တော်ဆိုင်ကယ် အိတ်ဇောများ တရားမဝင် ရောင်းချတပ်ဆင်မှုအတွက် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ် ခံရ
အသက် ၄၈ နှစ်အရွယ် Workshop ပိုင်ရှင်အား မော်တော်ဆိုင်ကယ် သုံးစီး၏ အိတ်ဇောများကို တရားမဝင် ပြုပြင်မွမ်းမံခဲ့သည့်အတွက် ဇူလိုင် ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၆ ရက်နှင့် စင်္ကာပူဒေါ်လာ ၁၁,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၆၀၀) ငွေဒဏ် ချမှတ်ခဲ့သည်။ ဤသည်မှာ တရားမဝင်ပြုပြင်မွမ်းမံမှုအတွက် ပထမဆုံးအကြိမ် ထောင်ဒဏ် အပြစ် ပေးခံရသည့် အမှုဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၉ ရက်နေ့တွင် Tang Yong Shun သည် စင်ကာပူနိုင်ငံ၏ တရားဝင် ဖြန့်ချိရောင်းချသူအဖြစ် Dr Jekill and Mr Hyde ထုတ် မော်တော်ယာဉ်အပိုပစ္စည်း အိတ်ဇောများကို ဈေးကွက် တင်ရန် နှင့် ရောင်းချရန် ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (LTA) ထံ လျှောက်ထားခဲ့သည်။
တန်နှင့် ၎င်း၏ကုမ္ပဏီသည် ထိုအပိုပစ္စည်းများကို ရောင်းချနိုင်ရန်နှင့် တပ်ဆင်ပေးနိုင်ရန် ခွင့်ပြုချက်ကို တစ်နှစ်ကျော်ကြာပြီးမှသာ ရရှိခဲ့ပြီး၊ ယင်းအတွက် အချို့သောကန့်သတ်ချက်များကို LTA က ချမှတ်ထား ခဲ့သည်။
ထိုစည်းကမ်းချက်များထဲမှ တစ်ခုမှာ အိတ်ဇော အပိုပစ္စည်း၏ မော်ဒယ် တစ်ခုချင်းစီအတွက် သီးသန့် မော်တော်ယာဉ်အပိုပစ္စည်း အတည်ပြုချက် ကုဒ် (VAAC code) လျှောက်ထားရန် လိုအပ်ခြင်း ဖြစ်သည်။ ထိုကုဒ်ကို ရရှိမှသာ အိတ်ဇောကိုအသုံးပြုခွင့် ရမည်ဖြစ်သည်။
LTA အနေဖြင့် လျှောက်ထားသည့် အိတ်ဇောစနစ်သည် နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းများ (ဥပမာ ယာဉ်မှထွက်သော မီးခိုးနှင့် အသံထွက်ခြင်း) နှင့်ကိုက်ညီစွာ ထုတ်လုပ်ပြီး စမ်းသပ်ထားခြင်း ရှိ/မရှိ ဆုံးဖြတ်ရန် လိုအပ်သည်။ ထို့အပြင် အဆိုပါအပိုပစ္စည်းစနစ်ကို သီးခြား မော်တော်ယာဉ် အမျိုးအစားနှင့် မော်ဒယ်တွင် တပ်ဆင်ပါက ယာဉ်၏ မူလမီးခိုးနှင့် အသံထွက်ဆိုင်ရာ လက္ခဏာများ ဆက်လက်ပြည့်မီခြင်း ရှိ/မရှိ ကိုလည်း LTA မှ အတည်ပြုရန် လိုအပ်သည်။
ထိုစင်ကာပူနိုင်ငံသားသည် ဆိုင်ကယ်သုံးစီး၏ အိတ်ဇောများကို တရား မဝင် ပြုပြင်မွမ်းမံခဲ့သည့်အတွက် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
Tang Yong Shun သည် Dr Jekill and Mr Hyde ထုတ် မော်တော်ယာဉ်အပိုပစ္စည်း အိတ်ဇောများကို ဈေးကွက်တင်ရန် နှင့် ရောင်းချရန် ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (LTA) ထံ လျှောက်ထားဆဲ ကာလအတွင်း ခွင့်ပြုချက်မရရှိသေးမီ မော်တော်ဆိုင်ကယ် ၃ စီးအား ကန့်သတ်ချက်များကို ချိုးဖောက်က အိတ်ဇောများ ရောင်းချ တပ်ဆင်ပေးခဲ့မှုအတွက် ထောင်ဒဏ် ၆ ရက်နှင့် စင်ကာပူဒေါ်လာ ၁၁,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၆၀၀) ငွေဒဏ် ချမှတ်ခံခဲ့ရသည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂