ဇွန်လအတွင်းက ပျက်ကျခဲ့သော အိန္ဒိယလေယာဉ်သည် လောင်စာဆီ ပြတ်လပ်မှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြ

News Image

  • ဇွန်လအတွင်းက ပျက်ကျခဲ့သော အိန္ဒိယလေယာဉ်သည် လောင်စာဆီ ပြတ်လပ်မှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြ

ဇွန်လအတွင်းက အိန္ဒိယနိုင်ငံတွင် လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၂၆၀ ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်အပေါ် ကနဦးစုံစမ်းစစ်ဆေးမှု များအရ တွဲဖက်လေယာဉ်မှူးက လေယာဉ်၏ အင်ဂျင်လောင်စာဆီ တွန်းပို့မှုစနစ် ခလုတ်ကို "Off" အနေအထားသို့ ပြောင်းလိုက်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယ၏ လေယာဉ်မတော်တဆမှုစုံစမ်းရေးဗျူရို (AAIB) မှ ဇွန်လ အတွင်း က ခရီးသည် ၂၄၂ ဦးတင်ဆောင်ကာ ပျံသန်းမှုအစတွင် ပျက်ကျခဲ့သည့် အိန္ဒိယလေယာဉ် ဘိုးရင်း ၇၈၇ ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ ရာတွင် တွေ့ရှိခဲ့ရသည့် ကနဦးရလဒ်များကို ထုတ်ပြန်ခဲ့သည်။ ထိုရလဒ် များအရ လေယာဉ်၏ အင်ဂျင်နှစ်လုံးအတွက် လောင်စာဆီ ထိန်းချုပ်မှု ခလုတ်များကို "ဖွင့်" အနေအထားမှ "ပိတ်" အနေအထားသို့ တစ်စက္ကန့် ခြားပြီး ပြောင်းလိုက်ကြောင်း၊ ထို့နောက်တွင် လေယာဉ်အရှိန် လျော့ကျ သွားကာ ပျက်ကျခဲ့ကြောင်း ဖော်ပြထားသည်။

“လေယာဉ်ပိုင်းလော့ အခန်းအတွင်းမှ အသံဖမ်းစက်တွင် လေယာဉ်မှူး တစ်ဦးက အခြားတစ်ဦးအား “မည်သည့်အတွက်ကြောင့် လောင်စာဆီ စနစ်ကို ပိတ်လိုက်သနည်း' ဟု မေးမြန်းပြီး၊ နောက်လေယာဉ်မှူးက'ငါမပိတ်ဘူး' ဟု ပြန်ဖြေကြောင်း" အစီရင်ခံစာတွင် ဖော်ပြထားသော် လည်း ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုမူ မှတ်ချက်မပြုထားပေ။

ခလုတ်များ ပြန်လည်ဖွင့်ပြီးနောက် အင်ဂျင်များ ပြန်လည်အလုပ်လုပ် လာသော်လည်း လေယာဉ်မှူးတစ်ဦးက "မေဒေး" အရေးပေါ် အချက်ပြ သတင်းပို့ခဲ့သည်။ လေကြောင်းထိန်းသိမ်းရေးဌာနက အဖွဲ့ဝင်များအား အဖြစ်အပျက်အကြောင်း မေးမြန်းပြီးနောက် လေယာဉ်ပျက်ကျကြောင်း သတိပြုမိကာ အရေးပေါ်ဝန်ဆောင်မှုများအား ဆက်သွယ်ခဲ့သည်။

အိန္ဒိယ၏ လေယာဉ်မတော်တဆမှုစုံစမ်းရေးဗျူရို (AAIB) က အဆိုပါ ဖြစ်စဉ်သည် လေယာဉ် သို့မဟုတ် အင်ဂျင်နှင့်သက်ဆိုင်သော နည်းပညာ ဆိုင်ရာအမှားအယွင်းတစ်ခုကြောင့်မဟုတ်ဟုဆို ခြင်းကြောင့် ဘိုးရင်း (Boeing) နှင့် အင်ဂျင်ထုတ်လုပ်သူ ဂျင်နရယ်အဲလက်ထရစ် (General Electric) တို့ထံ မည်သည့်အကြံပြုချက်မျှ ထုတ်ပြန်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအား ထပ်မံရရှိသော အချက်အလက်များနှင့် သက်သေ အထောက်အထားများ ပေးစေရန် တောင်းဆိုထားသည်။

ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ် မှ ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်း အနီးရှိ ဆေးကျောင်းဝင်းအတွင်းရှိ အဆောင် များအပေါ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် လေယာဉ်ပေါ်ရှိ ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ ၁၉ ဦး စုစုပေါင်း ၂၆၀ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဗြိတိသျှခရီးသည် ၁ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး မြေပြင်တွင် ဒါဇင် ချီ၍ ဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယလေကြောင်းလိုင်းက ၎င်းတို့၏ ဘိုးရင်း ၇၈၇ လေယာဉ်အား ပျံသန်းမှုမတိုင်မီ စစ်ဆေးမှု အပြည့်အစုံဆောင်ရွက်ခဲ့ပြီး ပျက်ကျမှု မတိုင်မီက မည်သည့်ပြဿနာမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် လေကြောင်းလိုင်းများတွင် ၂၀၁၁ ခုနှစ်မှ စတင်အသုံးပြု ပျံသန်းခဲ့သည့် အဆိုပါလေယာဉ်အမျိုးအစား၏ ပထမဆုံးသော လူ သေဆုံးမှုဖြစ်စဉ် ဖြစ်ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂