ကျောက်ဆည်မြို့တွင် ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲပြုလုပ်
ကျောက်ဆည်၊ ဇူလိုင်-၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ နံနက်ပိုင်း က ရွှေသရဖီခန်းမတွင် စာရေးဆရာတင်စိုး (နီတိအတွေး) က ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စာရေးဆရာတင်စိုး(နီတိအတွေး)က နီတိ၏ အဓိကတန်ဖိုးသည် စိတ်ကောင်း စေတနာကောင်း နှင့် အဓိကကျင့်ဝတ်သည် အလိုက်သိခြင်းဖြစ်ကြောင်း၊ မိမိ၏ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးလိမ္မာကာ လူချစ်လူခင်ပေါများ ကျင်လည်ရာလူ့အဖွဲ့အစည်းအတွင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ အဆင်ပြေ ချောမွေ့စွာဖြင့် နေ့စဉ်လူ့ဘဝ ဖြတ်သန်းနိုင်စေရန်၊ စိတ်ပိုင်းဆိုင်ရာဖြစ်သော စွဲလန်းနေသည့် အလေ့အကျင့်အား အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲလာစေရန်၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာကာ အတွေးအခေါ်အယူအဆ မှန်ကန်လာစေရန် နီတိအတွေး၊ နီတိအမြင်၊ နီတိအသိများ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျောက်ဆည်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ဆက်လက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)