ဆီးရီးယားဝန်ကြီးချုပ်သစ်၏ ဆော်ဒီခရီးစဉ် မည်သို့ အကျိုးရှိလာနိုင်မည်နည်း
အာဆတ်အစိုးရကိုဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေး အစိုးရ၏ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူထားသူ အယ်လ်ရှာဘနီသည် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ ဖိတ်ကြားချက်အရ ရီယာ့ဒ်သို့ ဇန်နဝါရီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က သွားရောက်ခဲ့ပါသည်။
အယ်ရှာဘနီ၏ ဆော်ဒီခရီးစဉ်မှာ ဆီးရီးယားအစိုးရသစ်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပြီး ဆော်ဒီအာရေးဘီး ယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိစေရန် ရည်ရွယ်ထားကြောင်း ဆီးရီးယား ထိပ်တန်းသံတမန်တစ်ဦးက ဆိုထားပါသည်။
"မိမိအနေဖြင့် ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသစ် Murhaf Abu Qasra နှင့် အကြီးအကဲ Anas Khattab တို့နှင့်အတူ ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း " အယ်ရှာဘနီက ၎င်း၏ X စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
AlJazeera သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ်သစ်အယ်လ်ရှာဘနီက အနာဂတ်ဆီးရီးယားနိုင်ငံစီမံခန့်ခွဲရေးမူဘောင်အစီအစဉ် အသေးစိတ်ကိုချပြဆွေးနွေးခဲ့ပြီး ဆီးရီးယားအပေါ် အနောက်နိုင်ငံ များ၏ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။
ဆီးရီးယားအစိုးရအဖွဲ့အကြီးအကဲ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်သွားရောက်ခဲ့သည့် ဆော်ဒီအနေဖြင့် ဆီးရီးယား၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အပေါ် မည်သို့အကျိုးရှိလာမည်ကို စောင့်ကြည့်ရပေမည်။
ကိုးကား - Ajazeera