လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေအပေါ် စိတ်ပျက်ခြင်း- Myanmar Insider အနေဖြင့် အဖြေရှာဖွေ

(Myanmar Insider ဂျာနယ်၏ တွေ့ဆုံမေးမြန်းခန်းမှ ထုတ်နှုတ်ဖော်ပြသည်။)

နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးကတည်းက လွန်ခဲ့သော နှစ်အနည်းငယ်က အငြိမ်းစား ယူချိန်အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် အမည်မဖော်လိုသူ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ အငြိမ်းစားဝန်ထမ်းတစ်ဦးနှင့် Myanmar Insider (MI) က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး‌ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေက ဘာကြောင့် ဒီလောက်ဆိုး နေရတာလဲ။

အကြောင်းအရင်းများအားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။

ဗဟိုအစိုးရ၏ စီမံခန့်ခွဲမှု သို့မဟုတ် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ဆွေးနွေးကြရအောင်။

ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအဆင့်ကို ဝန်ထမ်းအင်အားနှင့် ရှိပြီးသားဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံများ စီမံခန့်ခွဲရန် ကန့်သတ်ထားပါသည်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆုံးဖြတ်ခွင့် အာဏာမရှိပါ။ ပြည်ထောင်စုအဆင့် ဗဟိုအစိုးရက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။

သမိုင်းအကြောင်း နည်းနည်းပြောရမည်ဆိုပါက ၁၉၆၀ ခုနှစ်တွင် ဂျပန်၏အကူအညီဖြင့် ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်း တည်ဆောက်ပြီးစီး ခဲ့ပါသည်။ လောပိတ ဒေသတွင် ပေ ၂၈၀ မြင့်သည့် တစ်နှစ်ပတ်လုံး ရေစီးဆင်းသော ရေတံခွန် ရှိသဖြင့် အဆိုပါရေတံခွန်၏ စွမ်းအားကို အသုံးပြု၍ တာဘိုင် ၃ လုံးမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၁၆၄ မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၈ မဂ္ဂါဝပ်သာ ရှိခဲ့ ပါသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှ လိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ရှိပြီး ဂစ်ဂါဝပ်အနေဖြင့် ၃ ဂစ်ဂါဝပ် ရှိပါသည်။ စုစုပေါင်းဓာတ်အား ထောက်ပံ့ ဖြန့်ဖြူး ပေးနိုင်မှုက လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်မှု မရှိပါ။

လောပိတမှ 230 kVa လိုင်းများမှတစ်ဆင့် မိုင် ၂၀၀ ကျော် တောင်ငူဓာတ်အားခွဲရုံသို့ ပထမ ပို့လွှတ်ပြီးနောက် လှော်ကားပင်မလျှပ်စစ်ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ပါသည်။ အဆိုပါ ပို့လွှတ်ဖြန့်ဖြူးပေးသည့် ဓာတ်အားသည် လောပိတနှင့် လှော်ကား ဓာတ်အားခွဲရုံများတွင် ရှိသည့်အခြားလျှပ်စစ်ဓာတ်အားပေးရုံများမှ လျှပ်စစ်ဓာတ်အားများ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ထိုသို့ ပေါင်းစပ်ဖြန့်ဖြူးပေးသည့် ဓာတ်အား ဖြန့်ဖြူးရေးရုံသည် EBS (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဖြစ်ကာ ၁၀ မဂ္ဂါဝပ်စီ ရှိသော တာဘိုင် ၃ လုံး နှင့် ၅ မဂ္ဂါဝပ်စီရှိသည့် တာဘိုင် ၆ လုံး အသုံးပြု၍ အလုံဧရိယာမှ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးပါသည်။ ယင်းတာဘိုင်များသည် ကျောက်မီးသွေး သို့မဟုတ် မီးထိုးဆီ တစ်ခုခုကို အသုံးပြုနိုင်သည်။

တောနက်များနှင့် တောင်အမြင့်ကြီးများကိုဖြတ်၍ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ သွယ်တန်း ထားရှိသော်လည်း circuit breaker အများအပြားကို တပ်ဆင်ထားသောကြောင့် ငှက်များ တိုက်မိခြင်း၊ လျှပ်စီးလက်ခြင်း သို့မဟုတ် အခြားအဖြစ်အပျက်တစ်ခုခုကြောင့် သွယ်တန်း ထားသောကြိုးများသည် အလွယ်တကူ မီးလောင်မည်မဟုတ်ပါ။ ဓာတ်အားခွဲရုံများမှ ဓာတ်အား ပြတ်တောက်သွားသည်နှင့်တပြိုင်နက် လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက် သွားနိုင်သည်။ ဓာတ်အားခွဲရုံများသည် ဓာတ်အားလိုအပ်ချက်များကြောင့် ဝန်အားမမျှသည့် ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးရပါက ဈေးနှုန်းကြီးမားသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးစေနိုင်မည်ဖြစ်ပါသည်။ ထို့အတွက် ဓာတ်အားလိုအပ်ချက်များနေသည့် ရန်ကုန်မြို့ တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို ဦးစွာ ဖြတ်တောက်ရခြင်းဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားကို စီးပွားဖြစ် သိုလှောင်ထား၍မရပါ။ ဓာတ်အား အချို့ကို ဘတ္ထရီ များတွင်အားဖြည့်သွင်းခြင်းဖြင့် သိမ်းဆည်းနိုင်သော်လည်း စီးပွားဖြစ်တော့ သိမ်းဆည်း မရနိုင်ပါ။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ ပိုမိုဆိုးရွားလာရခြင်း၏ အကြောင်းအရင်းမှာ လောပိတကဲ့သို့ ဓာတ်အားပေးစက်ရုံအသစ်များ မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသလား။

အဆိုပါ အကြောင်းအရင်းကလည်း အမှန်ဟု ယူဆ၍ မရနိုင်ပါ။ ၇၀ ခုနှစ် အလယ်လောက် အထိ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုက လုံလောက်နေပါသေးသည်။ ယင်းနောက် ဓာတ်အား လိုအပ်ချက်က ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ဖြန့်ဖြူးပေးနိုင်မှုမှာ တိုးတက်လာမှု မရှိခဲ့ပါဘူး။ ၉၀ ခုနှစ်များ အစောပိုင်းတွင် ရန်ကုန်မြို့တစ်မြို့တည်းတွင် ဓာတ်အား လိုအပ်ချက်မှာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုထက် ၁၀၀ မဂ္ဂါဝပ်ကို ကျော်လွန်နေပြီဖြစ် ပါသည်။

အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်း၌ ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းပင်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များသည် ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်သာဖြစ်ကြောင်း ယူဆကြပါသည်။

ဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ အခြားဝန်ကြီးက ဦးဆောင်ပြီး စွမ်းအင်ဝန်ကြီး ဌာနက ကိုင်တွယ်ပါသည်။ နောက်ထပ် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များစွာကို တည်ဆောက်ပြီးနောက်မှာတော့ အဆိုပါစက်ရုံများ၏ ပေါင်းစပ်ထွက်ရှိမှုသည် သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ချက်အတွက် လုံလောက်မှု ရှိပါသည်။ သို့သော် တာဘိုင်များကို လည်ပတ်ရန်အတွက် ဓာတ်ငွေ့လုံလောက်မှု မရှိပါ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သဘာဝဓာတ်ငွေ့ရရှိမှုမှာ အမြဲတမ်းအကန့်အသတ်ရှိ သောကြောင့် ဓာတ်ငွေ့တာဘိုင်များကလည်း ၎င်းတို့၏အမြင့်ဆုံးစွမ်းဆောင်ရည်အထိ လည်ပတ်နိုင်ခြင်း မရှိပါ။

ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်မှုသည် အမြဲတမ်း အကန့်အသတ် ရှိနေကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဘာကြောင့် ဆောင်ရွက်ခြင်းမရှိခဲ့သလဲ။ 

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများက တည်ဆောက်ရန် ပိုမိုစျေးကြီးပြီး စက်ရုံတစ်ခု လည်ပတ်နိုင်ရန်အတွက် ငါးနှစ်ခန့် အချိန်ယူရနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဓာတ်ငွေ့သုံးစက်ရုံကတော့ ဓာတ်ငွေ့တာဘိုင်များကို တစ်ကြိမ်ဝယ်ရုံမျှဖြင့် ၎င်းတို့ကို ဓာတ်ငွေ့ဖြည့်သွင်းသည်နှင့် ချက်ချင်းလည်ပတ်နိုင်ပါသည်။

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၅ ရုံကျော် တည်ဆောက်ခဲ့ပါသည်။ သို့သော် ရွှေလီနှင့် လောပိတရေအားလျှပ်စစ်စက်ရုံများမှလွဲ၍ ဂျပန်အကူအညီဖြင့် တည်ဆောက် ထားသည့် အခြားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ဆည်များမှ ရေပေးဝေမှု အပေါ် အခြေခံထားသည့် ရေအားလျှပ်စစ်စက်ရုံများဖြစ်ပြီး ပူပြင်းသောရာသီတွင် ဆည်များ ခြောက်သွေ့သွားကာ တာဘိုင်များလည်ပတ်ရန် စွမ်းအင်အရင်းအမြစ်မရရှိပါ။

ရွှေလီသည် မူဆယ်မြို့အနီး၊ တရုတ်နယ်စပ်နှင့် နီးသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်တွင်းရန်ပုံငွေကို အသုံးပြု၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကတိပြုထား ပြီးဖြစ်သော်လည်း မိမိတို့ဝန်ကြီးဌာနက ၀န်ကြီးများက အဆိုပါစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ရန် တာဝန်ယူလိုခြင်းမရှိကြပါ။ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများ လိုအပ်မည်ကို သိရှိကြသဖြင့် တိုင်းပြည်အတွက် ကြိုးကြိုးစားစား လုပ်ကိုင် ဆောင်ရွက်ခြင်းက ၎င်းတို့၏ အစီအစဉ် မဟုတ်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ၎င်းတို့ အနေဖြင့် “စီမံကိန်းအတွက် ကိုယ်ပိုင်ရန်ပုံငွေ သုံးစွဲမည့်အစား တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်ပြီး ရန်ပုံငွေကို ချွေတာနိုင်ကြောင်း” အကြံပြုခဲ့ကြပါသည်။ အဆိုပါ အဆိုပြုချက် ကို နိုင်ငံ့ခေါင်းဆောင်များက လက်ခံခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်တို့သည် ဓာတ်အားပေး စက်ရုံကို တည်ဆောက်ပြီး တာဘိုင် ၆ လုံးအနက် တာဘိုင် ၄ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အားများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ ယူနန်ပြည်နယ်တွင် ဓာတ်အား လုံလောက်သွားသည့် အချိန်တွင် မိမိတို့၏ တာဘိုင် ၆ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အား များကို ပြန်လည်ပေးခဲ့သော်လည်း အခကြေးငွေသတ်မှတ်ခဲ့ပါသည်။ တရုတ်နှင့် အပြန် အလှန်ဆက်ဆံခြင်းက  ကောင်းမွန်မှုရလဒ်တော့ ရှိပါသည်။

အစိုးရ အဆက်ဆက် ဘယ်လက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အကောင်းဆုံး ဖြစ်မလဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရဖြစ်မည် ထင်ပါသည်။ နှစ်အတော်ကြာအောင် တိုင်းပြည် မှာ အာဏာရနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့လက်ထက်မှာ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့ ကြပါသည်။ သို့သော် အဆိုပါကိစ္စက ဝန်ကြီးဌာနများနှင့် သက်ဆိုင်ပါသည်။ ချေးငွေနှင့် အကျိုးပြုလုပ်ငန်းများတွင် ဝန်ကြီးဌာနများအကြား ပြိုင်ဆိုင်မှုများရှိခဲ့သည်။ ဥပမာတစ်ခု ပေးရလျှင် စွမ်းအင်ဝန်ကြီးက “လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့ပေးခြင်းသည် ငွေကြေးကို မီးရှို့နေခြင်းဖြစ်ကြောင်း” တစ်ချိန်က ပြောခဲ့ဖူးသည်။ ၎င်းအနေဖြင့် အများ ပြည်သူနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခြင်းမှ ရရှိနိုင်မည့်အကျိုးကျေးဇူး အလားအလာကို မမြင်ခဲ့ပါ။ ဤသည်မှာ ဝန်ကြီး ဌာနများအကြားတွင် ဦးစားပေးခံရနိုင်ရေး အပြိုင်အဆိုင်ကြိုးပမ်းမှုကိစ္စ တစ်ခုမျှသာ ဖြစ်သည်။ 

၂၀၀၀ ပြည့်နှစ်အလွန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိသော်လည်း တိုက်ပွဲများကြောင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် တာဘိုင် များအားလုံးတွင် ဓာတ်အားလုံလောက်စွာ ထောက်ပံ့ပေးထားသော်လည်း လက်ရှိ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မည်မဟုတ်ပေ။

ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး တိုးမြှင့်ရန် လိုအပ်မှုကို လုံးလုံးလျားလျား လျစ်လျူ ရှုသော အစိုးရတစ်ခုမျှတော့ မရှိပါ။ သို့သော် ဓာတ်အားထုတ်လုပ်ခြင်း၏ သဘော သဘာဝ သည် နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုအချို့ လိုအပ်ပါသည်။ အခြားဝန်ကြီး ဌာနများ သို့မဟုတ် အစိုးရလုပ်ငန်းများနှင့်မတူပါ။ သို့သော် အစိုးရ အကြီးတန်းအရာရှိ အများစုက ထိုကိစ္စအပေါ်နားလည်မှု နည်းပါးခြင်းကို တွေ့ခဲ့ရပါသည်။

အစိုးရထိပ်ပိုင်း အကြီးအကဲသည် ဓာတ်အားထုတ်လုပ်သည့်စက်ရုံအတွက် ဆက်လက် ဆောင်ရွက်ရန် မီးစိမ်းပြ ခွင့်ပြုနိုင်သော်လည်း ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အား ခွဲရုံများနှင့် ဖြန့်ဖြူးရေးကွန်ရက်များကဲ့သို့သော ဓာတ်အားဖြန့်ဖြူးရေးအတွက် နောက်ထပ် လိုအပ်ချက်များကို မျှော်မှန်းထားခြင်း မရှိကြပါ။

ရန်ကုန်မှာ အနည်းဆုံး ၂၄ နာရီ ၇ ရက် တစ်ပတ်လုံး ဓာတ်အားရရှိဖို့ ဘာတွေလိုအပ်လဲ။

ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေးစက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ပါသည်။ အသုံးပြု ရသည့်လောင်စာသည် ကျောက်မီးသွေး သို့မဟုတ် ဓာတ်ငွေ့ ဖြစ်နိုင်ပါသည်။ စွမ်းအင် ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသော ဦးခင်မောင်သိန်းသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုံးဝ မလုံလောက်ကြောင်း သိရှိခဲ့သဖြင့် ရန်​ကုန်​မြို့နှင့် မျက်​နှာချင်းဆိုင်​ ဒလဘက်ခြမ်း တွင်​ ၂၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ထုတ် ဓာတ်​​အားပေးစက်ရုံတည်ဆောက်ရန် ဆုံးဖြတ် ခဲ့ပါသည်။ သို့သော် စီမံကိန်းကို လုံးလုံးလျားလျား စွန့်လွှတ်ခဲ့ရပါသည်။ ဗိုလ်မှူးချုပ် လွန်းသီ က စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဦးခင်မောင်သိန်းက ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီးနောက် ဗိုလ်မှူးချုပ် လွန်းသီက စီမံကိန်းသည် နိုင်ငံတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု (နိုင်ငံခြား ၀င်ငွေရရှိမှု၏အရင်းအမြစ်) အများအပြားကို အသုံးပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့ပါသည်။  ဦးခင်မောင်သိန်း၏ အမျှော်အမြင်ရှိမှုက ဗိုလ်မှူးချုပ် လွန်းသီ၏ အမြင်ကျဉ်းမှုကြောင့် ဓာတ်အားရရှိရေး လမ်းကြောင်းလွဲသွားခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ပြတ်တောက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်းအကြီးအကဲထံမှ ဦးစားပေးခံရမှုအတွက် ဝန်ကြီးများအကြား အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်မှုများကြောင့်က အကြောင်းအရင်းများအနက်က တစ်ချက်ဖြစ်နေပါသည်။

အစိုးရက လျှပ်စစ်မီတာခကို အကြမ်းဖျင်း ၆၀ ရာခိုင်နှုန်းအထက် တိုးမြှင့် ကောက်ခံ သော်လည်း ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှုက တိုးမြှင့်မလာဘူး။ ဘာကြောင့်ပါလဲ။

မီတာခ စျေးနှုန်းများ တိုးမြှင့်ခြင်းအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းနှင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်း ကွဲပြားကြောင်း သိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်းကတော့ ပုံမှန်အတိုင်း ဓာတ်အားလုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မှု မရှိသေး ပါဘူး။ 

ရန်ကုန်မြို့တွင် လိုအပ်သည့် လျှပ်စစ်ကဏ္ဍကို ဖြည့်တင်းရန်အတွက် ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်အားလိုင်းများသွယ်တန်းရေး၊ ဓာတ်အားဖြန့်ဖြူးရေးမှာ ဘယ်လောက် ရင်းနှီး မြုပ်နှံထားပါသလဲ။

ရန်ကုန်မြို့အနေဖြင့် အများကြီးပြောင်းလဲစရာမရှိပါဘူး။ ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေး စက်ရုံကြီးတစ်ခု တည်ဆောက်ရန်သာ လိုအပ်ပါသည်။ အနည်းဆုံး ၃ ဂစ်ဂါဝပ် (3GW) စက်ရုံ လိုပါသည်။ ကုန်ကျစရိတ် ခန့်မှန်းချက်တော့ မသိပါ။

ရန်ကုန်မြို့၏ လမ်းဘေးတစ်လျှောက် ဓာတ်တိုင်များ ရှုပ်ပွနေပါသည်။ တခြားနိုင်ငံများ ကဲ့သို့ ကေဘယ်ကြိုးများကို ဘာကြောင့် မြေအောက်မမြှုပ်ထားသလဲ။

အမှန်တကယ်တော့ ဓာတ်တိုင်နှစ်မျိုး ပဲရှိပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဓာတ်တိုင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်တို့ ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်က ပိုမိုသေးပါသည်။ မီးကြိုးများကို ဘတ်ဂျက်မရှိသဖြင့် မြေအောက်မြှုပ်နှံနိုင်ခြင်း မရှိသေးပါ။ ဒါကလည်း ရန်ပုံငွေကြေး ကိစ္စသာဖြစ်ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် အချို့သော ဓာတ်တိုင် များသည် လမ်းများပေါ်တွင်ပင် စိုက်ထူထားကြပါသေးသည်။  

၎င်းတို့အနေဖြင့် ဘတ်ဂျက်ရရှိသည့်အခါ သို့မဟုတ် အထက်လူကြီးတစ်ဦးဦးက တိုင်ကြားသည့် အခါတိုင်း ဓာတ်တိုင်ကို နေရာတကျပြန်လည်စိုက်ထူမည် သို့မဟုတ် ပြောင်းရွှေ့စိုက်ထူပါမည် ဖြစ်ပါသည်။

အစမှာပြောခဲ့သလိုပဲ အားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။ အဆိုပါကိစ္စကို ဝန်ကြီးဌာနများအကြား ညှိနှိုင်းရန်အတွက် ရိုးရိုးရှင်းရှင်းပဲ ထား၍မရပါ။ နိုင်ငံ ပိုမိုကောင်းမွန်စေရန်အတွက် ညွှန်ကြားချက်များ မှတ်ပေးမည့် အထက်အကြီးအကဲများ လိုအပ်ပါသည်။

Nori Lynn

ကိုးကား - Myanmar Insider

Forum Title

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေအပေါ် စိတ်ပျက်ခြင်း- Myanmar Insider အနေဖြင့် အဖြေရှာဖွေ