မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်း ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး မတ်လမတိုင်မီ ယူနက်စကိုသို့ တင်ပြသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။
အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ယခုနှစ်တွင် ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပြီး တပိုတွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။
အများပြည်သူတို့၏ သဘောထားစစ်တမ်းကောက်ခံချက်များကို ယူနက်စကိုအဖွဲ့အစည်းသို့ တင်ပြသွားမည်ဖြစ်ပြီး သနပ်ခါးနှင့် ပတ်သက်သည့် သဘောထားစစ်တမ်းကောက်ယူမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ဆောင်ရွက်လျက်ရှိရာ တပို့တွဲလပြည့်နေ့က မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်းတို့တွင် အများပြည်သူ ပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းနှင့် သဘောထားစစ်တမ်းကောက်ယူခြင်း လှုပ်ရှားမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုမှ အသိအမှတ်ပြုရေး ဆောင်ရွက်ရန် အများပြည်သူ ပူးပေါင်းပါဝင်မှုရှိကြောင်းနှင့် သနပ်ခါးသုံး စွဲမှုနှင့်ပတ်သက်၍ မိမိတို့၏သဘောထားများ ဖြည့်စွက်ရာ၌ သနပ်ခါး သုံးစွဲသည့်အကြောင်းအရင်းနှင့် ယူနက်စကိုအသိအမှတ်ပြုရေးတွင် ပူးပေါင်း ပါဝင်သဘောတူကြောင်းတို့ကို ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့ သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည့် တပိုတွဲလပြည့်နေ့တွင် မန္တလေး မြို့၊ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် ရွှေနန်းတော် ကျောင်းတို့တွင် သနပ်ခါးများ၊ ကျောက်ပျဉ်များနှင့် မှန်များထားရှိပြီး လာရောက်သူများအား သနပ်ခါးလိမ်းခြယ်စေခြင်းနှင့် QR Scan ဖတ်၍ ၎င်းတို့၏ သဘောထားစစ်တမ်းများ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုးကား- ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန