အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန်ညွှန်ကြား

News Image

  • အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန်ညွှန်ကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း ABC News နှင့် Reuters သတင်းဌာနများက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ဖော်ပြခဲ့သည်။ Reuters သတင်းဌာန၏ ထုတ်ပြန်ချက်အရ အချို့သံတမန်ရေးရာကိုယ်စားလှယ်များအား အမေရိကန်နှင့် ဒေသတွင်း ခန့်ထားသော ဝန်ထမ်းများကို ၁၀% အထိ လျှော့ချရန် ညွှန်ကြားထားကြောင်း သိရသည်။

ABC News သတင်းဌာနက ရင်းမြစ်များအား ကိုးကား၍ ဖော်ပြချက်အရ သံရုံးအကြီးအကဲများအား အမြဲတမ်းဝန်ထမ်း၊ ယာယီနှင့် အချိန်ပိုင်း ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းအားလုံး၏ စာရင်းများကိုပြုစုရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုညွှန်ကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "One Voice for America’s Foreign Relations" အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးချိန်မတိုင်မီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်ညွှန်ကြားချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများအား သမ္မတအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ ပန်းတိုင်များနှင့် ကိုက်ညီစေရန်လိုအပ်ကြောင်း ဖော်ပြထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် "အမေရိကန်ပြည်ထောင်စုအတွက် စိတ်အားထက်သန်သော ဝန်ထမ်းအင်အား" ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ လက်စွဲစာအုပ်များကို ပြင်ဆင်ခြင်းများ ပါဝင်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် ထရမ့် အုပ်ချုပ်ရေး၏ ဦးစားပေးမူဝါဒများနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန် ကြိုးပမ်းမှုတစ်ခုအဖြစ် မြင်တွေ့ရသော်လည်း၊ သံတမန်ရေးရာ လုပ်ငန်းများနှင့် အမေရိကန်သံရုံးများ၏ စွမ်းဆောင်ရည်အပေါ် မည်သို့သက်ရောက်မှု ရှိမည်ကို စိုးရိမ်မှုများ ရှိနေသည်။

NBC News ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ဖော်ပြခဲ့သော သတင်းအရ ကုန်ကျစရိတ်များ လျှော့ချရန် ကြိုးပမ်းမှုများနှင့်အညီ ထရမ့် အုပ်ချုပ်ရေးသည် အမေရိကန်ကောင်စစ်ဝန်ရုံးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ သံတမန်ရေးရာ ရာထူးများကို ဖျက်သိမ်းရန် စဉ်းစားနေကြောင်း သိရသည်။ တာဝန်ရှိသူများအား ထိုရုံးများ၏ လုပ်ငန်းဆောင်တာများသည် ထရမ့်၏ "America First" မူဝါဒနှင့် မည်မျှကိုက်ညီမှု ရှိ/မရှိ ကို အကဲဖြတ်ရန် တာဝန်ပေးထားကြောင်းသိရသည်။

ဤဆောင်ရွက်ချက်သည် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာဖိအားများကို ဖြေလျှော့ရန်နှင့် သံတမန်ရေးရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း နိုင်ငံတကာဆက်ဆံရေးနှင့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ကိုးကား-RT