၁၀နှစ်သက်တမ်းရှိ ကာကွယ်ရေးသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးရန် မိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း ကြေညာ
ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်၊။ ထိုသို့တွေ့ဆုံချိန် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ၁၀ နှစ်ကြာမြင့်မည့် ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်မူဘောင်အသစ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း ခေါင်းဆောင်နှစ်ဦးက ကြေညာလိုက်ကြပြီး ရက်အတိအကျ ပြောပြထားခြင်း မရှိချေ။
မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် အဓိက ခြေလှမ်းဖြစ်သည့် ယခုခရီးစဉ်တွင် အမေရိကန်ထုတ် တိုက်လေယာဉ် များ၊ တင့်ကားများ၊ ရဟတ်ယာဉ်များ အိန္ဒိယက တိုးမြှင့်ပိုင်ဆိုင်လာမှုကို ခေါင်းဆောင်နှစ်ဦးလုံးက ကြိုဆိုလိုက်ကြသည်။
Made in India မူဝါဒအရ အမေရိကန်နှင့်ပူးပေါင်း၍ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များ၊ ကြည်းတပ်တိုက်ခိုက်ရေးယာဉ်များ အိန္ဒိယ ပြည်တွင်းဖြစ် ပူးတွဲထုတ်လုပ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာအတွင်းထောက်လှမ်းမှု ပိုမိုအားကောင်းလာစေရန် အမေရိကန်ထံမှ P-81 ရေကြောင်း ကင်းလှည့်လေယာဉ်ခြောက်စီးကို အိန္ဒိယက ထပ်မံဝယ်ယူမည် ဖြစ်ပါသည်။ ကိုးကား- India Times